ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ Safe and Fair Project ၏ အမျိုးသားအကြံပေးကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊စက်တင်ဘာလ ၄ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့- ILO နှင့် UN Women Myanmar တို့ပူးပေါင်း၍ ဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် Virtual Meeting ဖြင့်ကျင်းပပြုလုပ် သည့် Safe and Fair Project ပါ အာဆီယံဒေသတွင်းရှိ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများ အတွက်အခွင့်အရေးများနှင့် အခွင့်အလမ်းများ ရရှိစေခြင်းနှင့်စပ်လျဉ်းသည့် အမျိုးသားအကြံပေး ကော်မတီ အစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အမျိုးသားအကြံပေး ကော်မတီအဖွဲ့ဝင်များ၊UN Resident Coordinator Office မှ UN Resident and Humanitarian Coordinator ၊ Mr. Ola Almgren ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်၊ Dr. Johann Hesse, Chargéd’Affaires၊ ILO Myanmar မှ Liaison Officer ၊ Mr. Donglin Li နှင့် UN Women Myanmar မှ Country Representative၊ Mr. Nicholas Burniat တို့တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Safe and Fair Project အကောင် အထည်ဖော်ရာတွင်ပိုမိုထိ‌ရောက်မှုရှိစေရေး ILO နှင့် UN Women Myanmar တို့အားအကြံဉာဏ် များပံ့ပိုးပေးနိုင်ရေး၊ ဘေးကင်းလုံခြုံပြီးမျှတမှုရှိသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဖြစ်စေရေး နှင့်လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ လျှော့ချရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ဖြစ်ကြောင်း၊ စီမံကိန်း၏မဟာဗျူဟာများနှင့်ဦးစားပေးကဏ္ဍများအပေါ်အကြံပြုချက်များပံ့ပိုးပေးရန်၊ စီမံကိန်း အကျိုးရလဒ်များကို စောင့်ကြည့်လေ့လာရန်၊ အစီရင်ခံစာများအပေါ် ပြန်လည်ဆွေးနွေးသုံးသပ် ရန်နှင့် အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း၊ Safe and Fair Project စီမံကိန်းအရ ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေး ဗဟိုဌာနမှ ဝန်ထမ်းများ အတွက် အကြိုသင်တန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ဟင်္သာတမြို့၊ အောင်လံမြို့၊ လွိုင်ကော်မြို့တို့တွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRCs)များ ဖွင့်လှစ်ခဲ့ပြီး မိုးညှင်းမြို့တွင် ဆက်လက်ဖွင့်လှစ်ရန်ကျန်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် အသိပညာ ပေးလုပ်ငန်းများကို Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီးမှ တာဝန် ရှိသူများနှင့်ချိတ်ဆက် ဆောင်ရွက်ရန်လိုကြောင်း၊ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင်အတွင်း ဥပဒေပါ အခွင့်အရေးများဆုံးရှုံးမှုမရှိရေး၊ အကြမ်းဖက်မှုများ မခံရရေးလိုအပ် သည့်လူမှုကာကွယ်စောင့်ရှောက်မှုများပေးရန်လိုကြောင်း၊ အလုပ်သမားသံအရာရှိများနှင့်သက်ဆိုင် ရာနိုင်ငံရှိ မြန်မာသံရုံးများမှ သံအမတ်ကြီးများ၏ ဦးဆောင်မှုဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ Covid-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်း လုပ်သားတစ်သိန်းခွဲကျော်သွားပြီဖြစ်၍ကျွမ်းကျင်မှုအလိုက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးနိုင်ရေးညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင် ရွက်မည့် Safe & Fair စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ် များတွင် Covid-19 ကပ်ရောဂါကြောင့် ထိခိုက် ခံစားရသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားများအားလုံးကို ဦးတည်ဆောင် ရွက်ပေးစေလိုကြောင်း၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အခက်အခဲအကြပ်အတည်းများကို အောင်မြင်စွာကျော်လွှားနိုင်ရေးသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှစဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ UN Resident Coordinator Office ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်၊ ILO နှင့် UN Women Myanmar တို့မှ ဌာနေကိုယ်စားလှယ်တို့က အမှာစကားပြောကြားပြီး အစည်း အဝေးအစီအစဉ်အတိုင်း ဆက်လက်ကျင်းပ၍ ILO နှင့် UN Women တို့က ရွှေ့ပြောင်းသွားလာ ခြင်နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ၊ Safe & Fair စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၂၀ လုပ်ငန်းအစီအစဉ်၊ အခြားအာဆီယံနိုင်ငံများတွင်လုပ်ဆောင်နေမှုများ၊ ၂၀၂၀ ပြည့်နှစ်တွင် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများက လိုအပ်သည်များအကြံပြုဆွေးနွေးပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး တို့ကနိဂုံးချုပ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။