ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ အားပေး၊ အခက်အခဲများကို အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်ရေးတိုက်တွန်း

ရန်ကုန်   ၊ ဩဂုတ်လ  ၃၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့နံနက်၁၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၊ ကနောင် ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (MICS-TUsF) တို့မှ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များအားတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် တာဝန်ရှိသူများ၊ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်၊ AFFM-IUF ဥက္ကဋ္ဌ ဦးဇာနည်သွေး၊ MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်နှင့် အလုပ်သမားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက COVID-19 ကပ်ရောဂါကြောင့် မျက်နှာချင်းဆိုင်တွေ့ဆုံ မှုများ ပုံမှန်မပြုလုပ်နိုင်သော်လည်း Online ကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအချိန်မှသာ တွေ့ဆုံနိုင်ပါကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို ပုံမှန်လည်ပတ်ဆောင်ရွက်ခြင်းဖြင့်အလုပ် အကိုင်နှင့်အလုပ်သမားများအပေါ် သက်ရောက်မှုများကို အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ အဖက်ဖက်မှ ကျဆင်းလျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးရိုက်ခတ်မှုများ ရှိပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်းနှင့် အခြားအကြောင်း များကြောင့် စက်ရုံ၊အလုပ်ရုံများအပြီးပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်းများရှိခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ၊ အလုပ်လက်မဲ့ဖြစ်စဉ်များ၊ ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ် ရေးလုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခဲ့ခြင်းတို့သည် ရှောင်လွှဲမရသော စိန်ခေါ်မှုဖြစ်ပြီး ယင်းစိန်ခေါ် မှုများကိုကျော်လွှားနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းအစီအမံများချမှတ်‌ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်ကရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းများပြန်လည် ဦးမော့လာစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အပေါ် ရိုက်ခတ်မှုများအား ဖြေလျော့မှုများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး လုပ်ငန်းစဉ်များကို အစီအစဉ်တကျ ဆောင်ရွက်ခဲ့ပြီး လက်ရှိစီးပွားရေးဆိုင်ရာ ဖြစ်ပေါ်မှုများနှင့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဘက်တင်ပြချက်များကို အပြန်အလှန်သုံးသပ်၍ သင့်တော်သည့်အချိန်တွင် နှစ်ဘက်အဖွဲ့အစည်းတို့အတွက် သင့်တင့်မျှတ အောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရစက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာန များတွင် အလုပ်အကိုင်အခွင့်အလမ်းများ တည်မြဲရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးတက်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ COVID-19 ရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲစီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန် စက်ရုံ၊ အလုပ်ရုံများတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အလုပ်သမားများ၊ အလုပ်ရှင်များပူးပေါင်းဆောင် ရွက်ဖြေရှင်းနိုင်ရန်နည်းလမ်းများ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီးဌာနမှဥပဒေနှင့်အညီ ဆောင်ရွက် ပေးနိုင်သည့် ကိစ္စရပ်များကို ဆက်စပ်ဌာနများနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ချုပ်များ အနေဖြင့် စားဝတ်နေရေးကြပ်တည်းနေသည့်အဖွဲ့ဝင်များကို အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့ ခြင်း၊ကာလတိုချေးငွေများရရှိရေးလုပ်ငန်းများချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သင်တန်းပို့ချရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ COVID-19 ဒုတိယလှိုင်းဖြစ်လာနိုင်သည့် အလား အလာရှိနိုင်၍ စိန်ခေါ်မှုကိုကျော်လွှားနိုင်ရန်ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို အလုပ်သမားများ ကိုယ်တိုင်နှင့်မိသားစုဝင်များပါအလေးထား လိုက်နာ ဆောင်ရွက်ရေးတိုက်တွန်းပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ရေးလုပ်ငန်းကို ဒေသအသီးသီး၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်မှုဇုန် အသီးသီးမှ စက်ရုံ၊ အလုပ်ရုံများရှိအလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ရေးကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများအထိ ကွင်းဆင်းထုတ်ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတင်ပြလာမှုကြောင့်ကျန်ရှိနေသည့် အလုပ်သမားများအတွက်ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုး ရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်စက်ရုံလုပ်သားများမဲပေးခွင့်ရရှိစေရေးအတွက်လည်း ဆက်စပ်ဌာနများ နှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ၏လိုအပ် ချက်များ၊ တင်ပြချက်များကို မိမိတို့အနေဖြင့် အမြဲစောင့်ကြပ်ကြည့်ရှု၍ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ယခုကာလတွင်အားလုံးက ရုန်းကန်နေရသည့် အချိန်ဖြစ်သည်နှင့်အညီ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်မည်ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် အဖွဲ့ချုပ်အလိုက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် CTUM ဥက္ကဋ္ဌ ဦးမောင်မောင် က လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများပေးရေး၊ COVID 19 ရောဂါပြန့်ပွားမှုနှုန်းကာကွယ်ထိန်းချုပ်ရေး၊ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ထိရောက်မှန်ကန်စွာဖြေရှင်းနိုင်ရေးတို့ကိုလည်းကောင်း၊ AFFM-IUF ဥက္ကဋ္ဌ ဦးဇာနည်သွေး က ၂၀၂၀ပြည့်နှစ်တတိယလေးလပတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က အနည်းဆုံးအခကြေးငွေထုတ်ပြန် နိုင်ရေး၊ COVID-19 ရောဂါနှင့််စပ်လျဉ်း၍ တိကျစွာလိုက်နာဆောင်ရွက်မှုကို ကြပ်မတ်စစ်ဆေး ပေးရေး၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့် လူမှုဖူလုံရေးအဖွဲ့မှ အကျိုးခံစားခွင့်များ ထုတ်ပေး ရာတွင် ထိရောက်မှုရှိရေး၊ အလုပ်သမားများနှင့်အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများ ကိုအရေးယူဆောင်ရွက်မှု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးကိစ္စများကို ရှင်းလင်းတင်ပြ ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဌာနအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်အကျိုး၊ အလုပ်ရှင်၊ အလုပ်သမားများအကျိုးစီးပွား အတွက် စိတ်တူကိုယ်တူဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး သတိတရားနှင့်တစ်ဦးချင်း လိုက်နာဆောင်ရွက်ကြရေးနိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။