ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော် ၊ဩဂုတ်  ၂၄ ရက်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းဖွင့်ပွဲအခမ်းအနားသည် “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန” ၏ ဦးစီးဌာန တစ်ခုဖြစ်သည့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ အသစ်ဝင်ရောက်လာကြသည့် အမှုထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ပွဲဖြစ်ပြီး အနေဖြင့် ဝန်ထမ်းသစ်များအား ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနက လှိုက်လှဲစွာကြိုဆို ပါကြောင်း။ ဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည် ဖော်သည့်နေရာ တွင် ဦးစီးဌာနများအလိုက် ပါဝင်ဆောင်ရွက်ရသည့် အခန်းကဏ္ဍများသည် လွန်စွာအရေးကြီးသည့် အတွက် ဦးစီးဌာနအသီးသီးက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို ဝန်ထမ်းသစ်များ သေချာစွာနားလည်သိမြင်ပြီး တာဝန်ထမ်းဆောင်ကြရာ၌ စနစ်တကျ၊ ထိထိရောက်ရောက်၊ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စွမ်းရှိကြစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့သင်တန်းကိုဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ် အစပြုတာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းတစ်ဦး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များကိုတိတိကျကျလိုက်နာပြီး၊ တစ်ပြိုင်နက် တည်းတွင် စွမ်းဆောင်ရည်ပြည့်ဝပြီး တာဝန်ကျေပွန်သည့် မိမိ၏ဦးစီးဌာနမှ အားကိုးအားထားပြု ရသည့် သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း။ သတ်မှတ်ထားသည့် သင်တန်းကာလ (၅) ရက်ဖြစ်သော်လည်း ဝန်ထမ်းငယ်ဘဝမှ ရာထူးအဆင့်ဆင့် တိုးတက်တာဝန်ထမ်းဆောင်နိုင်ရေး၊ အခြေခံအုတ်မြစ်ကောင်းများရရှိစေရေးအတွက် ရုံးလုပ်ငန်းဘာသာရပ်များနှင့် ဥပဒေ၊ နည်းဥပဒေ များကိုသင်ကြားပို့ချမှာဖြစ်သည့်တွက် စိတ်ဝင်တစားလေ့လာဆည်းပူးကြဖို့ မှာကြားလိုပါကြောင်း။

တာဝန်ကျရာ ဒေသများတွင်လည်း ရုံးချုပ်မှထုတ်ပြန်ညွှန်ကြားသည့် အမိန့်ညွှန်ကြားချက် များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ မိမိတို့၏အထက် အရာရှိများနှင့် လုပ်သက်ရင့်ဝန်ထမ်းများကို လေးလေးစားစား ဆက်ဆံပြီး လုပ်ငန်းခွင်ဆိုင်ရာ လက်တွေ့ဆောင်ရွက်ကြရမည့်အတွေ့အကြုံများကိုဆည်းပူးလေ့လာသင်ယူသွားကြစေလိုကြောင်း။

လူငယ်များဖြစ်သည့်အတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို ထိတွေ့ သုံးစွဲနေကြသူများဖြစ် ကြသည့်အလျောက်ပိုမိုတိုးတက်လာစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြစေလိုကြောင်း။ အချိန်ကာလနှင့်အတူမိမိတို့၏ စွမ်းဆောင်ရည်၊လုပ်ကိုင်နိုင်စွမ်း၊သင်ယူနိုင်စွမ်းများအပေါ်မူတည်ပြီး ရာထူးအဆင့်ဆင့်တိုးမြှင့်ရရှိလာကြမည်ဖြစ်ပါကြောင်း။ ဦးစီးဌာန၌ လုပ်သက်(၁)နှစ် ပြည့်ပြီးပါက ဝန်ကြီးဌာနကခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိအဆင့် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်မည် ဖြစ်ပြီး လုပ်သက်(၃)နှစ်ပြည့်ပြီးသည့်အခါ အခြားဝန်ကြီးဌာနများကခေါ်ယူသည့် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနိုင်ခွင့်ရှိမည်ဖြစ်ရာ ဝန်ထမ်းသစ်များအနေဖြင့် အရည်အချင်းပြည့်သည့်ဝန်ထမ်း တစ်ယောက်အဖြစ်  အမြဲအဆင်သင့် ဖြစ်နေရန် ကိုယ်စီပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း။

အေးချမ်းသာယာသည့် လုပ်ငန်းခွင်ဖြစ်စေရန် ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် မိမိတို့၏ အဆင့်၊ ရာထူးနှင့် အညီ နေထိုင်လုပ်ကိုင်ကြရန်နှင့် မူဝါဒများ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် တစ်ဦးတစ်ယောက်စီ၏ အရည်အချင်းသည် အရေးပါပြီး အဖွဲ့အစည်းအလိုက် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက် အောင်မြင်အောင်အကောင်အထည် ဖော်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရပဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်ပါကြောင်း။

လက်ရှိဝန်ကြီးဌာနက အလုပ်သမားများကိုကာကွယ်စောင့်ရှောက် နိုင်ရေးအတွက်နိုင်ငံတ ကာစံနှုန်းများနှင့်အညီ ဥပဒေများကို  ပြင်ဆင်ရေးဆွဲခြင်း၊ အသစ်ရေးဆွဲ ခြင်း လုပ်ငန်းစဉ်များမှာ အမှုထမ်းများမှ ကျရာတာဝန်၊ အခန်းကဏ္ဍကနေ ပါဝင်ဖြည့်ဆည်းပေး နိုင်ရေးအားထုတ်သွား ကြ ရန်နှင့် ဝန်ကြီးဌာနအတွက်အားထားရမည့် ဝန်ထမ်းကောင်းများဖြစ်လာ ကြမည်ဟုယုံကြည်ပါ ကြောင်း။

ဝန်ထမ်းသစ်များအနေဖြင့်ဝန်ထမ်းအဖွဲ့အစည်းအပေါ်သစ္စာရှိပြီး တာဝန်ကိုလိုလားတက်ကြွ စွာတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းကောင်းများအဖြစ် မိမိဌာန၏ ရည်မှန်းချက်များ အောင်မြင်ပြီး  မြောက်အောင်တစ်ထောင့်တစ်နေရာမှပါဝင်ကူညီပေးကြစေလိုပါကြောင်း။တာဝန်ထမ်းဆောင်မည့် ဘဝတစ်သက်တာလုံး သင်ယူလေ့လာဆည်းပူးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်နေသည့်အဖွဲ့အစည်း ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်လေ့လာဆည်းပူးကြစေလိုကြောင်း ယခုဖွင့်လှစ်ပို့ချမည့် သင်တန်း မှအတွေ့အကြုံကောင်းများကိုရယူပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားအောင် အားစိုက် ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်အတွက် အားကိုးအားထားပြုထိုက်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် အစဉ်အမြဲအားထုတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအမှုထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား (၂၄)ဦး တို့တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလမှာ ၂၄-၈-၂၀၂၀ ရက်နေ့မှ ၂၈-၈-၂၀၂၀ ရက်နေ့ ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။