ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ 2019 Novel Coronavirus (2019 n-CoV) ကြောင့် ဖြစ်ပွားသောအဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ အလုပ်သမားများအတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော် ၊ မတ် လ ၆ ရက်

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အလုပ်သမားများအတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ၆-၃-၂၀၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင်နေပြည်တော်ရှိ လူမှုဖူလုံရေးရုံးချုပ်၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေ မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်ယနေ့ပြုလုပ်သည့်အစည်းအဝေးမှာ 2019 Novel Coronavirus (2019-nCoV) ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်သည့် လက်ရှိ အခြေအနေနှင့် ရောဂါကာကွယ် ထိန်းချုပ်မှုနှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့်လုပ်ငန်းလမ်းညွှန် ချက်များ၊အာမခံအလုပ်သမားများအား အသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်ကာကွယ် တားဆီးနိုင်ရေး လူမှုဖူလုံရေးဆေးရုံ/ဆေးခန်း များအားဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်ကြောင်း၊ 2019 Novel Coronavirus (2019-nCoV) ရောဂါကူးစက်ပြန့်ပွားမှုနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO) မှ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေ (Global Emergency) အဖြစ် ပထမ အကြိမ် ထုတ်ပြန်ကြေညာခဲ့ရာမှဖေဖော်ဝါရီလကုန်တွင်ကမ္ဘာတစ်ဝန်းကူးစက်မှုအလွန်မြင့်မားသောအဆင့်(Very High) ကိုပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊၎င်းအပြင် 2019 Novel Coronavirus (2019-nCoV)ရောဂါကူးစက် ပြန့်ပွားမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ခဲ့သော် လည်းလက်ရှိတွင်အခြားနိုင်ငံ(၇၇)နိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိပါကြောင်း၊လူမှုဖူလုံရေး အဖွဲ့အနေဖြင့် စက်ရုံ/အလုပ်ရုံများရှိလုပ်သားများအတွက် အသိပညာပေးမှုလုပ်ငန်းများ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင်လူမှုဖူလုံရေး ဆေးရုံ/ဆေးခန်း များတွင် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် သံသယလူနာတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိ သောလမ်းညွှန်ချက်များနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ 2019 Novel Corona-virus (2019-nCoV) ရောဂါအနေဖြင့် လူစု၊ လူဝေးများပြားသော နေရာများ၌ ရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါလက္ခဏာမပြသေးသော်လည်းရောဂါရှိသူတစ်ဦးထံမှ အခြားသူများထံသို့ ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့်အတွက် အာမခံအလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိသော စက်ရုံ/ အလုပ်ရုံများတွင်ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး အထူးအလေးထားလိုက်နာဆောင်ရွက်ရန်နှင့်သံသယဖြစ်ဖွယ်လူနာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တပြေးညီ သတင်းပို့ရန် အထူးအရေးကြီးပါကြောင်း၊ လူမှုဖူလုံရေးဆေးရုံ/ဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ဆေးခန်းများအနေဖြင့်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းလမ်းညွှန် ချက်များ၊ လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်း လမ်းညွှန်ချက်များအား အထူးအလေးထားဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဆေးရုံ/ဆေးခန်းများ ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်ချက်ကိုဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ အတွက်လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်းများ၊ လက်ကမ်းစာစောင်များအားဆေးရုံ/ဆေးခန်းများ၏ လိုအပ်ချက် နှင့်အညီ အမြန်ဆုံး ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက်ဆောင်ရွက်နေသည့် အခြေအနေများ အပေါ်မူတည်၍ အာမခံအလုပ်သမားများ အတွက် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းစဉ်များ၊အစီအမံများတိုးမြှင့်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်ဆွေးနွေး ညှိနှိုင်းသွားကြရန်ဖြစ်ပါကြောင်းပြောကြားပါသည်။

ဆက်လက်၍လူမှုဖူလုံရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်မှ2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ဆေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ 2019 n-CoV ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်း ညွှန်များကိုလည်းကောင်းရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် အစည်းအဝေး တက်ရောက်လာသူ များကအသီးသီး ဆွေးနွေးတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား non-contact thermoscan ကနဦးစစ်ဆေးမှုအား Mobile Team ဖြင့်ဆောင်ရွက်ပေးရေး၊ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းကိုထိရောက် စွာဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားပါ သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံများ၊ ဆေးရုံအုပ်ကြီးများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်နေသည့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။