အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်နိုင်ရေးလူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၂၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုဝင်ဘာလ (၂၇) ရက်နေ့ညနေပိုင်းတွင် ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိခဲ့ရာ မလေးရှားနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီးဦးစိန်ဦး၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ တာဝန်ခံအရာရှိတို့ကလေဆိပ်တွင် ကြိုဆို ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးစိန်ဦး၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ မလေးရှားနိုင်ငံဒေသစံတော်ချိန် ၁၈:၀၀နာရီ၌  Le Meridien ဟိုတယ်တွင် မလေးရှားနိုင်ငံရောက်ကပုန်း(၇)ရက် သားသမီးနာရေးကူညီမှုအသင်း၊ နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့၊ ဒါနကုသလနာရေးကူညီမှုအသင်း(ပီနန်)၊ အာသောက ကျန်းမာရေးဖောင်ဒေးရှင်း (ဂျိုဟိုး)၊ ထိန်းသိမ်းရေးစခန်းတာဝန်ခံ (ဂျိုဟိုး) နှင့် မြန်မာမူဆလင် အသင်း (မလေးရှား)တို့မှ ဥက္ကဌနှင့် အတွင်းရေးမှူးများကိုတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားနိုင်င်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတဆင့် တရားဝင်စေလွှတ်ပေးလျက်ရှိကြောင်း၊ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သူများကို တရားဝင် ဖြစ်စေရေးထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုကြောင့် ၁.၂သန်းကျော်ကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြားထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကောင်းမွန်သည့်လုပ်ဆောင်ချက်ကို သာဓကပြုပြီး မလေးရှားနိုင်ငံရောက်  မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမား အခွင့်အရေးအပြည့်အဝရရှိရေးနှင့်လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် သံအမတ်ကြီး ဦးဆောင်မှုဖြင့်သံအရာရှိ(၂)ဦးကိုတာဝန်ပေးအပ်ထားကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမား များအပေါ်အလုပ်ရှင်နှင့်အေဂျင်စီတို့မှမတရားအမြတ်ထုတ်မှုများမရှိရန် အလုပ်ရှင်၊အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နှင့်အညီ နေရာမှန်၊အလုပ်မှန် ဖြစ်စေရန် သက်ဆိုင်ရာ နိုင်ငံ၏ တည်ဆဲရေးဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရန်လိုကြောင်း၊ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ် (C of I) ထုတ်ပေးနိုင်မှုသည် နိုင်ငံသားဖြစ်ကြောင်း အတည် ပြုပြီး မှသာဆောင်ရွက်ရသည်ဖြစ်၍ လူမျိုး၊ဘာသာမရွေး မိမိနိုင်ငံသား မှန်ကန်ကဆောင်ရွက် ပေးလျက်ရှိကြောင်းလူမှုအဖွဲ့အစည်းများအနေဖြင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် အလုပ်သမားသံအရာရှိများထံဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများမှ မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အလုပ်သမားများသေဆုံးမှုရှိပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး သို့မဟုတ် မလေးရှားနိုင်ငံတွင် နာရေးကိစ္စဆောင်ရွက်နိုင်ရေး လူမှုရေးစိတ်ဓါတ်ဖြင့် ကူညီဆောင်ရွက်ပေးမှုအခြေအနေများနှင့် တရားမဝင်ပွဲစားများနှင့် ဆက်သွယ်ဆောင်ရွက်မှု မပြုရေး အလုပ်သမားများကိုအသိပေးရန်လိုကြောင်း၊ မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားအလုပ်သမားများကိုမြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ရန် ကူညီဆောင်ရွက်ပေး မှုများ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားမှ ခေါ်ရန် ဆောင်ရွက်နေမှုအခြေအနေများကိုဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ ပြောကြားရာတွင် မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ အချိန်မရွေးအကြောင်းကြားပါက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံတွင် တရားမဝင်လာရောက်သူများအနေဖြင့် UNHCRရုံးသို့ သွားရောက်မှတ်ပုံတင်ပြီး UNHCR ကတ်ကိုင်ဆောင်၍ နေရာအနှံ့တွင် ကျပန်း လုပ်ကိုင်လျက် ရှိကြောင်းမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ စီမံချက်အရဖမ်းဆီးချိန်တွင် ဖမ်းဆီးခံရသူများ အနေဖြင့်ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိချိန် မြန်မာသံရုံးမှ သွားရောက် စိစစ်ပြီးမြန်မာနိုင်ငံသားမှန်ကန်ပါကမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မလေးရှားနိုင်ငံရှိ ဆီလန်ဂေါ၊ ဂျိုဟိုး၊ ကွာလာလမ်ပူ၊ပီနန်၊ မလကာပြည်နယ်များရှိကုန်ထုတ်လုပ်ငန်း၊စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်း၊စားသောက်ကုန်ထုတ်လုပ်ငန်း၊လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်သည့်လုပ်ငန်း များတွင် တရားဝင်မြန်မာအလုပ်သမား(၂)သိန်းကျော် ဝင်ရောက်လုပ်ကိုင် လျက်ရှိပြီး တရား မဝင်အလုပ်သမားများလည်း ရောက်ရှိလုပ်ကိုင်နေကြောင်း၊ မလေးရှားနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအလုပ်မှန်၊နေရာမှန်နေရာတွင် တရားဝင်ရောက်ရှိ၍ ခေါင်းပုံအမြတ် ထုတ်မခံရရေးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုအတွက် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့်အညီလျော်ကြေးငွေရရှိနိုင်ရေးအလုပ်သမားသံအရာရှိ (၂) ဦး က မြန်မာသံရုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများနှင့် ဖွဲ့စည်းထားသည့် လူမှုရေးအဖွဲ့ အစည်းများအနေဖြင့် မြန်မာအလုပ်သမားများ၏ အခက်အခဲများကို သတင်း ရရှိသည်နှင့်မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်အလုပ်သမားသံအရာရှိတို့ထံအချိန်နှင့် တစ်ပြေးညီသတင်းပေး၍ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်းပြောကြားခဲ့ပြီးတွေ့ဆုံ ဆွေးနွေး ပွဲကို ည ၁၉:၃၀ နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။