၁၈-၁၁-၂၀၁၂
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ (၁၇-၁၁-၂၀၁၂)ရက်နေ့ နံနက်(ဝ၉းဝဝ)နာရီတွင် မင်္ဂလာဒုံစက်မှုဇုန်ရှိ Asia Optical မှန်ဘီလူးစက်ရုံနှင့် ရန်ကုန်စက်မှုဇုန်ရှိ ကမ္ဘာကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ Asia Optical မှန်ဘီလူးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုပြီး စက်ရုံမှူးနှင့်အဖွဲ့မှ အစည်းအဝေးခန်းမတွင် စက်ရုံဆိုင်ရာ လုပ်ငန်းစဉ်များကို PowerPoint ဖြင့် ရှင်းလင်းတင်ပြပြီးနောက် ထုတ်လုပ်မှုလုပ်ငန်းခွင်သို့ လှည့်လည် ကြည့်ရှုခဲ့ပါသည်။
ထို့နောက် စက်ရုံရှိ အလုပ်သမားများအား တွေ့ဆုံလျက် သြဝါဒစကား ပြောကြားရာတွင် အလုပ်ရှင်အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများ ရှိသော်လည်း အဓိကမှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း၊ စက်ရုံရှိ လုပ်သားများသည် စက်မှုနိုင်ငံတော် တည်ထောင်မည့် ဦးတည်ချက်တွင် တစ်တပ်တစ်အား ပါဝင်ကြတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ မကြာခင် ဖြေလျော့မှုများ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအပေါ် အခွန်လျှော့ပေါ့မှုများ ရှိလာမည်ဖြစ်၍ လုပ်ငန်းများ ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး အလုပ်ရှင်များ အမြတ်အစွန်းများ ပိုမိုရလာ၍ လုပ်ခလစာများလည်း တိုးပေးလာနိုင်ပါက အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး အနာဂတ်တွင် လုပ်ငန်းအောင်မြင်မှု တိုးတက်မြင့်မားလာ၍ နိုင်ငံတော်လည်း တိုးတက်လာမည် ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ Managing Director ဦးစိုးအောင်ကျော်က အစည်းအဝေးခန်းမတွင် သင်တန်းကျောင်းနှင့် စပ်လျဉ်းသည့် သိကောင်းစရာအချက်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းသားများအား လက်တွေ့ပိုင်း ဆိုင်ရာ သင်တန်းပို့ချနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါ သင်တန်းကျောင်း၌ ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းများသို့ ကြီးမားသော FDI များ ဝင်လာပါက ကျွမ်းကျင်လုပ်သားများ လိုအပ်မည်ဖြစ်၍ ကျွမ်းကျင်လုပ်သားများ အဆင်သင့်ရှိရန် လုပ်ငန်းရှင် များက သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် တိုက်တွန်းကြောင်း၊ ကျွမ်းကျင်လုပ်သားများ ကြိုတင်၍ လုံလုံလောက်လောက် မွေးထုတ်ထားရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် သင်တန်းကျောင်းများသည် ဈေးကွက်ဖြစ်လာ မည် ဖြစ်ကြောင်း၊ ပြည်တွင်းကျွမ်းကျင်လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းရန် သာမက နိုင်ငံတကာနှင့်ရင်ဘောင်တန်းရန် လိုအပ်ကြောင်းနှင့် ပုဂ္ဂလိကသင်တန်းကျောင်းများ၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးရန် အဆင်သင့်ရှိပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။