အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် (၁၅-၂-၂၀၁၃)ရက်နေ့တွင် လေယာဉ်ဖြင့် ကလေးမြို့သို့ ထွက်ခွာပြီး ကလေးမြို့မှတဆင့် မော်တော်ယာဉ်ဖြင့် မင်းကင်းမြို့နယ်အတွင်းရှိ တောင်တွင်းချောင်ဒေသသို့ ထွက်ခွာပြီး သိမ်ကုန်းကျေးရွာ၊အင်းကုန်းကျေးရွာမှ ပြည်သူလူထုများနှင့်တွေ့ဆုံ၍ လက်ရှိအစိုးရ၏ပထမအဆင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒုတိယအဆင့်စီပွားရေးပြုပြင်ပြောင်းလဲမှုများ နှင့် ယခုတတိယအဆင့် အခြေခံပြည်သူများဖြစ်သော အလုပ်သမား၊ လယ်သမားများအတွက် တိုက်ရိုက်အကျိုး ဖြစ်ထွန်းမည့် ပြုပြင်ပြောင်းလဲမှုများကို သိရှိနားလည်နိုင်ရေးဆွေးနွေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် (၁၆-၂-၂၀၁၃)ရက်နေ့တွင် ကြာပင်ကျေးရွာ၊ အနောက်ကိုင်း ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်လည်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ကလေးဝမြို့သို့ ထွက်ခွာခဲ့ပါသည်။ ထို့နောက် ကလေးဝမြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ဗဟိုပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျေးရွာနေပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေးအတွက် ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ်များသို့ Mobile Team များဖြင့်ဆောင်ရွက်နိုင်ရေးမှာကြားပြီး အသစ်ဆောက်လုပ်လျက်ရှိသော ကလေးဝမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) တည်ဆောက်နေမှုကိုကြည့်‌ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍က‌‌လေးဝမြို့မှတဆင့်မင်းကင်းမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက် ထွက်ခွာပြီး ရှားတောကျေးရွာ၊ သင်္ဘောကျေးရွာရှိ ကျေးလက်ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ (၁၇-၂-၂၀၁၃) ရက်နေ့တွင် မင်းကင်းမြို့ ပြည်သူလူထုများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မင်းကင်းပတ်ဝန်ကျင်ရှိ ဦးကြီးကျေးရွာ၊ ကျေးနင်းကျေးရွာ၊ အံ့စရာကျေးရွာများသို့သွား ရောက်ပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။ (၁၈-၂-၂၀၁၃)ရက်နေ့တွင် မင်းကင်းမြို့မှ မြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာပြီး မောက္ကတော်ကျေးရွာ၊ ပန်းဆက်ကျေးရွာ၊ မြေခြားကျေးရွာ၊ ဇင်ကလဲကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး မင်းကင်းမြို့နှင့် မင်းကင်းမြို့နယ်အတွင်းရှိကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကိုယ်ထူကိုယ်ထမြို့မီးလင်းရေးတို့အတွက် အလှူငွေစုစုပေါင်း(၁၁၅.၅) သိန်း၊ Sky Net ရုပ်သံဖမ်းစက်(၃၀)လုံးနှင့် စူပါကော်ဖီမစ်(၁၀)ဖာတို့ အားပေးအပ်လှူဒါန်းခဲ့ပါသည်။
(၁၉-၂-၂၀၁၃)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန နှင့် ဗဟိုပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။