ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ FMI City ၊ Myanmar International Domestic Training Centre တွင်(၂၄-၂-၂၀၁၃)ရက်နေ့၊ (၁၃းဝ၀)နာရီအချိန်၌ Myanmar International Domestic Support Worker သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၂၀၁၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ပြည်ပနိုင်ငံများသို့ အမျိုးသမီးအလုပ်သမားများအား စေလွှတ်ခွင့်ပြုလျက်ရှိပါသည်။ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အမျိုးသမီးများသည် သွားရောက်သည့်နိုင်ငံ၏ ဥပဒေအရ ရရှိမည့်အခွင့်အရေးနှင့် အကာအကွယ်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အခြေခံအင်္ဂလိပ်ဘာသာစကားနှင့် လုပ်ငန်းတာဝန် များကို ပြည်ပသို့မသွားရောက်မီကြိုတင်သိရှိရန် လိုအပ်လျက်ရှိပါသဖြင့် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ပြည်ပသို့လိုင်စင်ရ အေဂျင်စီများမှတဆင့် သက်ဆိုင်ရာနိုင်ငံ၏ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရယူပြီး တရားဝင်သွားရောက်ခြင်းဖြင့် မလိုလားအပ်သောပြဿာနာဖြစ်ပွားမှုများကို အကာအကွယ် ဖြစ်စေပြီး ဖြစ်ပွားပါကလည်း သက်ဆိုင်ရာနိုင်ငံ၏ဥပဒေအတိုင်း မိမိနိုင်ငံသားအကျိုးကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။
ယခုဖွင့်လှစ်သည့် Myanmar International Domestic Support Worker သင်တန်းသည် အိမ်တွင်း အထောက်အကူပြုလုပ်ငန်းများအတွက် ကျွမ်းကျင်မှုရရှိစေရန် (၂)လတာ အချိန်ယူ၍ အင်္ဂလိပ်စာအခြေခံ ကျွမ်းကျင်မှုသင်တန်းအား ကျွမ်းကျင်ဆရာမများဖြင့် အထူးလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ယခုအခါ အစိုးရကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများသာမက ပုဂ္ဂလိကသင်တန်းကျောင်းများကိုပါ လုပ်ငန်းအမျိုးအစားအလိုက်ဖွင့်လှစ်ခွင့်ပေးလျက်ရှိပြီး ယခုကဲ့သို့ အိမ်တွင်းအထောက်အကူပြုသင်တန်းကို အခြေခံပညာအသင့်အတင့်ရှိသည့် အမျိုးသမီးများအား ပြည်တွင်း၊ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။