အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(ဝ၉း၃၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်ရှိ တီဘီရောဂါ ကုဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံကြီးဧည့်ခန်းမတွင် ဆေးရုံအုပ်ကြီးမှ ဆေးရုံ၏သမိုင်းကြောင်းနှင့်လူနာများအား ဆေးဝါး ကုသမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ဝန်ထမ်းများအား အမှာစကားပြောကြားပြီးဆေးရုံကြီးရှိ လူနာဆောင်များအား လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်အာမခံအလုပ်သမားများအား ကြည့်ရှုအားပေး စကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်‌ အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ၏ Data Entry Centre သို့ ရောက်ရှိပြီး လူမှုဖူလုံရေးအဖွဲ့ အာမခံအလုပ်သမားများ၏ အချက်အလက်များ ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး အာမခံအလုပ်သမားများ၏ Bio Data များ ကွင်းဆင်းမှတ်ပုံတင်မှု၊ လက်ဗွေပုံစံရယူပုံနှင့် ဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။