နေပြည်တော် မတ်လ ၂၈ ရက်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအား အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့နံနက်(ဝ၈း၃၀)နာရီအချိန်၌နေပြည်တော်၊ရုံးအမှတ်(၅၁)၊အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာနတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဦးမောင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဒေါ်ဝင်းမော်ထွန်း၊ အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များမှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်သည်များမှာကြား ခဲ့ပါသည်။
ဆက်လက်၍ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊နည်းဥပဒေများဆိုင်ရာ အချက်အလက်များအား အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းမှ ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းစိန်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သည့် အငြင်းပွားမှု အတွေ့အကြုံများအား ရှင်းလင်းခြင်းနှင့် တက်ရောက် လာသူများမှ အထွေထွေမေးမြန်းဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။