အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဖေဖော်ဝါရီ ၂၀ ရက်

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့(၂၀.၂.၂၀၁၃)နံနက် ၁၀းဝ၀ နာရီတွင် နေပြည်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ဒုတိယဝန်ကြီးများ ကော်မတီဝင်ဌာနဆိုင်ရာ ကိုယ်စားလှယ် များ NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးမှထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်အား ထိုင်းနိုင်ငံအတွင်းရှိ စခန်း(၁၁)ခုတွင် တာဝန်ထမ်းဆောင်ရန်အတွက် ထွက်ခွာသွားသော အမှုထမ်း၊ အရာထမ်း(၈၉)ဦးသည် သတ်မှတ်စခန်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့(၁၁)ဖွဲ့အား ကြီးကြပ်ရန်အတွက် ညွှန်ကြားရေးမှူးတစ်ဦးအားတာဝန်ပေးအပ်ထားပါကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ မြန်ဆန်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ အချင်းချင်းညှိနှိုင်းခဲ့ရခြင်းဖြစ်၍ မလိုအပ်သော လုပ်ငန်းစဉ်များ ကို လျော့ချ၍ ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ Nationality Verification ဆောင်ရွက်မှုတွင် သံသယဖြစ်ဖွယ် ဆုံးဖြတ်၍မရပါက မြန်မာနိုင်ငံသို့ အချက်အလက်များ ပြန်လည်ပေးပို့ အတည်ပြုချက်ရယူရန် မှာကြားထားပါကြောင်း၊ မကြာမှီ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၄င်းတို့၏ သားသမီးများ ပညာသင်ကြားရေး၊ ကျန်းမာရေး၊ လူမှုအကာအကွယ်ပေးရေး၊ မိသားစုလွှဲပို့ငွေဆိုင်ရာကိစ္စရပ်များအား ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့် ဆွေးနွေးရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ ထိုင်းနိုင်ငံတွင် ဆွေးနွေးမည့်အချက်များအားထိထိရောက်ရောက်ဝိုင်းဝန်း ဆွေးနွေးကြရန်ပြောကြားပါသည်။
၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များက ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများနှင့်မှီခိုသူများအတွက် အထောက်အထားများ ထုတ်ပေးရေး၊ ကလေးများပညာသင်ကြားရေး၊ ကျန်းမာရေးဆောင်ရွက်ပေးမည့်အခြေအနေ၊Seasonal Workers များအတွက် Visa ထုတ်ပေးရေး၊ရွှေ့ပြောင်း အလုပ်သမားများထိခိုက်/သေဆုံးမှုများအတွက်ကူညီထောက်ပံ့ရေး၊ရွှေ့ပြောင်းအလုပ်သမားများ၏ မှတ်တမ်းပေါင်း (၁.၈)သန်းအား PDTS System ဖြင့် Digitization ပြုလုပ်ရေး၊မိသားစုလွှဲပို့ငွေကိစ္စရပ်များအားဝိုင်းဝန်း ဆွေးနွေးကြကြောင်း သတင်းရရှိသည်။