ဂျော်ဒန်နိုင်ငံ၊ Ramtha မြို့ Century Miracle Apparel Mfg. Co., Ltd အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား (၁၃၀ဝ)ဦး ရှိသည့်အနက်၊ အလုပ်သမား (၁၂၀ဝ)ဦးခန့်သည် (၁၄-၂-၂၀၁၃)ရက်နေ့ကစတင်ပြီး အလုပ်ရှင်အားဆန္ဒပြမှုဖြစ်စဉ်အား ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သော အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တစ်ဆင့် ပြဿနာကိုဖြေရှင်းနိုင်ရန်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်ပေးမှုနှင့် တရားဝင်လိုင်စင်ရအေဂျင်စီမဟုတ်သော်လည်း အလုပ်သမားများ စေလွှတ်ခဲ့သော New Covenant ကုမ္ပဏီမှ တာဝန်ခံ ဦးစိုင်းတင်ထွန်း၏ ဂျော်ဒန်နိုင်ငံသို့သွားရောက်၍ဖြေရှင်း ဆောင်ရွက်မှုများအရ လုပ်ခလစာတိုးမြှင့်ရေးမှအပ ကျန်အချက်များအား ညှိနှိုင်းဖြေရှင်းပေးနိုင်ခဲ့ပါသည်။

(၁-၃-၂၀၁၃)ရက်နေ့၊ နံနက်ပိုင်းတွင် အလုပ်ရှင်မှ မြန်မာအလုပ်သမားများအား အလုပ်ပြန် ဆင်းရန်ဆောင်ရွက်စဉ် မြန်မာအလုပ်သမား အမျိုးသမီး(၄)ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများအရ သိရှိရပါသည်။

မြန်မာအလုပ်သမားများ ဆန္ဒပြမှုအား ဂျော်ဒန်နိုင်ငံ၏ ဥပဒေအရဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သော်လည်း ပြေလည်မှုမရရှိဘဲအချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်းဖြစ်နေမှုများအားညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်သမားရေးရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသည့် ညွှန်ကြားရေးမှူးတစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး တစ်ဦးတို့အား ဂျော်ဒန်နိုင်ငံသို့ အမြန်ဆုံးစေလွှတ်၍ ပြဿနာများ ပြေလည်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။