၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန် ၂ ၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်း၊ အမှတ် ၉၂၊ ၉၃ ရှိ Myanmar LNY Caps Co.,Ltd စက်ရုံသို့ ၂၇-၈-၂၀၂၅ ရက်နေ့တွင် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ အလုပ်သမားရေးရာကိစ္စရပ်များအား သွားရောက်စစ်ဆေးခဲ့ပြီး စက်ရုံမှူးနှင့် မန်နေဂျာ၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)မှ အလုပ်သမားကိုယ်စားလှယ် ၃ ဦး အပါအဝင် ပေါင်းစပ်အဖွဲ့မှ ရွေးချယ်ထားသော အလုပ်သမား ၂၀ ဦးတို့အား တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ ကွင်းဆင်းစစ်ဆေးချက်များအရ အောက်ပါအခြေအနေများ စိစစ်သိရှိခဲ့ပါသည်-
(က) လစ်လပ်သည့် ရာထူးများအတွက် လက်ရှိတာဝန်ထမ်းဆောင်နေသော အလုပ်သမား များတွင် အရည်အချင်းကိုက်ညီသူမရှိပါက ပြင်ပမှအရည်အချင်း ကိုက်ညီမှုရှိသော အလုပ်သမားများအား ခေါ်ယူခန့်ထားခြင်း (သို့မဟုတ်) စက်ချုပ်များထဲမှ သင့်တော် သည့် ဝန်ထမ်းများအား Super ၏ အကြံပြုချက်ဖြင့် လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည် အချင်း ပြည့်မီမှုအပေါ် မူတည်၍ အဆင့်ဆင့်အတည်ပြုရယူဆောင်ရွက်ကြောင်း၊
(ခ ) စက်ရုံမန်နေဂျာက ဆွေမျိုးသားချင်းများအား အတွေ့အကြုံမရှိဘဲ ရာထူးနေရာကြီး များတွင် ခန့်အပ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း မရှိကြောင်း၊ စက်ရုံမန်နေဂျာဖြစ်သူနှင့် အဆင်ပြေမှုရှိကြောင်း၊
(ဂ) ဝန်ထမ်းတစ်ဦးအား အလုပ်ရပ်စဲခြင်း ဆောင်ရွက်ရာတွင် EC စာချုပ်အရ ကြီးလေးသော ပြစ်မှုဖြစ်လျှင် လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်ချက်ချင်းရပ်စဲပြီး သာမန်ပြစ်မှုဖြစ်လျှင် တစ်နှစ်အတွင်း စတုတ္ထအကြိမ်အထိ ဖောက်ဖျက်မှသာ အလုပ်မှရပ်စဲကြောင်း၊
(ဃ) ဝန်ထမ်းကြို/ပို့ ဖယ်ရီကားများ လုံလောက်စွာ စီစဉ်ထားပြီး သတ်မှတ်နေရာ ပို့ဆောင် ပေးကြောင်း၊ OT ခေါ်ယူသည့် အချိန်မတူညီသည့် အခက်အခဲအချို့ရှိကြောင်း။
၃။ J&F Myanmar LNY Caps Co., Ltd (ဦးထုပ်စက်ရုံ) အလုပ်သမားများအား HR မန်နေဂျာ ခွဲခြား ဆက်ဆံနေသည်ဟူသော သတင်းဖော်ပြချက်များအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေး မေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

