အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          ဇွန် ၁၃

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုလဲရတနာအသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းသို့ သွားရောက်၍ IT ပညာရပ်ဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၁၂ ခုနှစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး Under Graduate Diploma in Software Engineering သင်တန်းအမျိုးအစား (၄) မျိုး ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ လက်ရှိကာလတွင် သင်တန်း တက်ရောက်သူများ သွားလာမှုအဆင်ပြေစေရန် မရမ်းကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် သင်တန်းကျောင်းခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာ တွင် IT Professional အဖြစ် လုပ်ကိုင်လိုသူများအတွက် IT Foundation Class များကို ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက် Information Technology Professional Examination Council (ITPEC) မှ နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကျင်းပသည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရကြောင်း၊ Software Engineering စာမေးပွဲ အောင်မြင်သူများအနေဖြင့် ဂျပန်စာအဆင့် N2 Level ကို အောင်မြင်ပါက ဂျပန်နိုင်ငံတွင် IT Visa (Work Permit) ဖြင့် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်္ဃန်းကျွန်းကျောင်းခွဲ ၌ သင်တန်းသား (၃၈) ဦး၊ မရမ်းကုန်းကျောင်းခွဲ၌ (၁၆) ဦး၊ မြောက်ဒဂုံ ကျောင်း၌ (၂၉) ဦး၊ စုစုပေါင်း သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်  သင်္ဃန်းကျွန်းကျောင်းခွဲ၌ သင်တန်းသား (၁၅) ဦး၊ မရမ်းကုန်းကျောင်းခွဲ၌ (၁၇) ဦး၊ မြောက်ဒဂုံ ကျောင်း၌ (၂၀) ဦး၊ စုစုပေါင်း သင်တန်းသား (၅၂) ဦးအတွက် နည်းပညာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ၊ ပြည်တွင်းတွင် Software Developer အလုပ်ဖြင့် Outsourcing လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိ ကြောင်း ရှင်းလင်းတင်ပြပါသည်။

ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုပ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက် ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်၊ အလုပ်ရှင်နှင့် ကာယကံရှင် လုပ်သားများအတွက် များစွာအကျိုးရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ လုပ်ခလစာများရရှိပြီး မိသားစုဝင်ငွေများ တိုးတက်စေရန် ရည်ရွယ် ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ် ပို့ချစေခဲ့ပြီး ဦးစီးဌာနမှ လိုအပ်သည်များကို ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပုလဲရတနာသင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများသည် သင်တန်းသားများအတွက် ပြည်တွင်း/ပြည်ပတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်၍  ရည်ရွယ် ချက် ကောင်းမွန်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများသော အခြားသင်တန်းအမျိုးအစား များကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ IT အလုပ်အကိုင်များကို ကျွမ်းကျင်မှုစံ သတ်မှတ်ချက်များ ရေးဆွဲနိုင်ရေးနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် သင်တန်းများ အရည်အသွေးအာမခံချက်ရှိစေရေးနှင့် သင်တန်းဆင်းများအတွက် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရှိရပါသည်။