နေပြည်တော် ၊မတ်လ  ၄ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်၍ ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် – ၁၃၈ အား လက်ခံကျင့် သုံးရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group – HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁၃:၃၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဌာန(၁၆)ခုမှ ကိုယ်စား လှယ်များတက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေး နွေးပွဲတွင် ILO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး အငယ်ဆုံး အသက်ပြဌာန်း ချက်အမှတ်-၁၃၈လက်ခံကျင့်သုံးရေး၊ မြန်မာနိုင်ငံတွင် လက်ရှိဖွင့်လှစ်ဆောင်ရွက်နေသည့်  ILO ဆက်သွယ်ရေးအရာရှိရုံး အဆင့်မှ အခြားနိုင်ငံများနည်းတူ အမြဲတမ်းရုံးအဆင့်သို့ တိုးမြှင့်ဖွင့်လှစ် နိုင်ရေးအတွက် အလုပ်ရှင်၊အလုပ်သမားအဖွဲ့အစည်းတို့၏ ထောက်ခံများဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အဓမ္မခိုင်းစေမှုပပျောက်ရေးကို၂၀၁၈ခုနှစ်၊ဒီဇင်ဘာလထိILOနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အစိုးရ၏ ကိုယ်ပိုင်ယန္တရားဖြင့်ထူထောင်ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ပြီး ကြားကာလယန္တရားကို ၂၆-၆-၂၀၁၉ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့ထိ HLWG အနေဖြင့်တာဝန် ယူပြီးအမှုများကိုလက်ခံဖြေရှင်းဆောင်ရွက်ခဲ့ရာ ကြားကာလယန္တရားတွင်အမှုများလက်ခံဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါအမှုများပိတ်သိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း။

အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက်၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (NCM) တို့ကို နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုခဲ့ပြီး အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ၂-၁၂-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၂/ ၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပြီး (၁၄) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်သမား ကိုယ်စားလှယ်နှင့် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် တို့၏ အကြံပြုဆွေးနွေးချက်များအရ  အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီတွင် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များအဖွဲ့ဝင်အဖြစ် ထည့်သွင်း၍ ပြင်ဆင်ဖွဲ့စည်း ထားရှိခဲ့ပါကြောင်း။

၃၃၈ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် ဂျီနီဗာ၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ ရှင်းလင်းဆွေးနွေးနိုင်ရန် ကြားကာလ ယန္တရားအကောင်အထည်ဖော် ဆောင်ရွက်မှု၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (NCM) လည်ပတ် ဆောင်ရွက်နေမှု၊ မိတ်ဖက်နိုင်ငံများအား မိမိတို့ဘက်မှ ထောက်ခံပြောကြားပေးရန် ၃၃၇ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အခြေခံ၍ပြုစုထားသည့် အလုပ်သမားရေးရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို Information Sheet ပြုစုပြီး သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျီနီဗာ၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးကို အချက်အလက်များအချိန်မီ ပေးပို့နိုင်ခဲ့ပါကြောင်း။

HLWG အဖွဲ့ဝင်များအနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားချက်များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ရေး Standard Operation Procedure –SOP ကို နိုင်ငံတကာစံများ နှင့် အညီရေးဆွဲပြီး အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး အဖွဲ့ဝင်များအနေဖြင့် SOP ရေးဆွဲပြီး မိမိတို့ဝန်ကြီး ဌာနသို့ အမြန်ဆုံးပေးပို့စေလိုပါကြောင်းနှင့် National Complaints Mechanism- NCM လုပ်ငန်း စဉ်များနှင့်ပတ်သက်၍တက်ရောက်လာသူများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ သက်ဆိုင်ရာကဏ္ဍများ အလိုက်ရှင်လင်း တင်ပြဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆွေးနွေးချက်များ အပေါ်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။