အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ လုပ်ခလစာ ဖြတ်တောက်မှု များရှိခြင်း၊ စက်ရုံရှိ လူကြီးများကို ကန်တော့ရန်အတွက် အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ ငွေကြေးများကောက်ခံခြင်း၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများမှ ခွဲခြားဆက်ဆံခြင်းနှင့် ခြိမ်းခြောက် ပြောဆိုမှုများရှိခြင်း သတင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်၊ Hermite Co.,Ltd အရုပ်အမွေးပွ စက်ရုံ (CMP) သို့ ၁၆-၁၀-၂၀၂၅ ရက်နေ့၌ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အလုပ်သမားကိုယ်စားလှယ် ၃ ဦး အပါအဝင် မြို့နယ်ပေါင်းစပ်အဖွဲ့မှ ရွေးချယ် ထားသော အလုပ်သမား ၃၀ ဦးတို့အား တွေ့ဆုံစိစစ် မေးမြန်းခဲ့ရာ အလုပ်သမားများမှ ဥပဒေပါခွင့် များတင်ပြ တောင်းခံလာပါက ဥပဒေနှင့်အညီ ခံစားခွင့်ပေးထားပါကြောင်းနှင့် လုပ်ခလစာ ဖြတ်တောက်မှုများ မရှိပါကြောင်း၊  သီတင်းကျွတ်ကန်တော့ရန်အတွက်ဟုဆိုကာ အလုပ်သမားများ ထံမှ ငွေကြေးကောက်ခံခြင်း၊ လုပ်ခလစာ ဖြတ်တောက်ခြင်း မရှိပါကြောင်းနှင့် ထိုသို့ပြုလုပ်ရန် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ စက်ရုံကြီးကြပ်သူများအနေဖြင့် အလုပ်သမားများအပေါ် ခြိမ်းခြောက် ပြောဆိုခြင်း၊ ခွဲခြားဆက်ဆံခြင်းများ မရှိပါကြောင်း၊ All Super အနေဖြင့် အလုပ်သမားများကို အလုပ်ထုတ်ပယ်ပိုင်ခွင့် ခွင့်ပြုပေးထားခြင်း မရှိကြောင်းနှင့် ကြီးကြပ်သူများအနေဖြင့် အလုပ်သမား များအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း မပြုလုပ်ရန် မှာကြားထားပါကြောင်း စိစစ်တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန