အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်
မေ ၁၄

          မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) အတွင်းရေးမှူးနှင့် NSSA မှ တာဝန်ရှိသူများလိုက်ပါ၍ အထည်ချုပ်လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်လုပ်ငန်းဆောင်ရွက်နေသော ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိ စစ်ဆေးခဲ့သည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား Golden Shine Garment Assessment Center မှ တာဝန်ရှိ သူက စက်ရုံတည်ထောင်ထားရှိမှုနှင့် လုပ်ငန်းလည်ပတ်နေမှုနှင့် အထည်ချုပ်အလုပ်အကိုင် ဆိုင်ရာ Chief Assessor က ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက အထည်ချုပ်လုပ်ငန်းသည် လုပ်သားအခြေပြုလုပ်ငန်းဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ကြောင်း၊ အထည်ချုပ်လုပ်သားအားလုံး NSSA အသိအမှတ် ပြုလက်မှတ် ရယူထားခြင်းဖြင့် စိတ်ဓာတ်၊ ခွန်အား ရရှိစေပြီး ကုန်ထုတ်စွမ်းအား မြင့်မားရေးအတွက် မောင်းနှင်အားဖြစ်ပြီး အရည်အသွေးမီ အထည်များချုပ်လုပ်ပေးခြင်းဖြင့် စက်ရုံ၏ ဂုဏ်သိက္ခာကို မြင့်မားစေပြီး ကုန်အပ်နှံမှု ပိုမိုရရှိခြင်းဖြင့် အလုပ်သမားများ၏ ဝင်ငွေမြင့်မားစေပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသဖြင့် အလေးထား ဆောင်ရွက်ရန် လိုကြောင်း မှာကြားပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံယူနေသည့် လုပ်သားများကို  လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်သားအင်အား (၆၆၀)ဦးရှိသည့် SEO HO အထည်ချုပ်စက်ရုံနှင့် လုပ်သားအင်အား (၆၃၆၀)ဦးရှိသည့် Mila Garden ဖိနပ်ချုပ်စက်ရုံသို့ ရောက်ရှိ၍ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးမှုများ စနစ်တကျ ဆောင်ရွက်ထားမှု၊ ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ သည်။  

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် အကျိုးပြုနေသည်ကို ကောင်းစွာ နားလည်သဘောပေါက် ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည် အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာဥပဒေ၊ နည်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ကောင်းစွာသိရှိ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။