ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ရွှေပြည်သာစက်မှုဇုန် (၃) မြတောင်ဝန်ကြီးဦးမှိုလမ်း၊ အမှတ် (၆၁/၆၂) ရှိ Mr.LEIPEI JUN (တရုတ်နိုင်ငံသား) ပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံသည် ၁၂-၇-၂၀၂၄ ရက်နေ့နှင့် ၈-၇-၂၀၂၄ ရက်နေ့တို့တွင် အလုပ်သမားများအား ခွင့်ပြုထားသည့် အချိန်ပိုနာရီ (၁၉:၃၀) နာရီထက် ကျော်လွန်၍ (၂၀:၀၀)နာရီထိ ပိုမိုလုပ်ကိုင်ခဲ့ခြင်း၊ သာမန်အလုပ်ချိန်ပြီးဆုံး၍ အချိန်ပို လုပ်ကိုင်ရာတွင် အလုပ်သမားများအား မိနစ်(၃၀)အနားမပေးဘဲ ငါးနာရီထက်ပို၍ တစ်ဆက်တည်း ခိုင်းစေခဲ့ခြင်းနှင့်စစ်ဆေးရေးအရာရှိ၏ ညွှန်ကြားချက်ကို လိုက်နာမှုမရှိ ခြင်းတို့ကြောင့် ၁၄-၈-၂၀၂၄ ရက်နေ့တွင် အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်စိုးက နိုင်ငံတော်ကိုယ်စား တရားလိုပြုလုပ်၍ Mr.LEIPEI JUN (လုပ်ငန်းရှင်) နှင့် ဒေါ်မြတ်ဆုမွန် (မန်နေဂျာ)တို့အား ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈၅ အရ တရားစွဲဆို ခွင့်ပြုပါရန် အင်းစိန် မြို့နယ်တရားရုံးသို့ လျှောက်ထားခဲ့ပါသည်။
ထို့သို့လျှောက်ထားခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် (၇၉၂/၂၀၂၄) ဖြင့် အမှုအားလက်ခံခဲ့ပြီး ၂၁-၈-၂၀၂၄ ရက်နေ့သို့ ရုံးချိန်းချိန်းဆိုခဲ့ပြီး ၂၁-၈-၂၀၂၄ ရက်နေ့ ရုံးချိန်းတွင် တရားရုံးသို့ တရားလိုနှင့် တရားခံများရောက်ရှိခဲ့ပြီး အမှုအားစစ်ဆေးခဲ့ရာ တရားခံများမှ အပြစ်ရှိကြောင်းဝန်ခံခဲ့သဖြင့် မြို့နယ်တရားသူကြီးမှ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈၅ အရ စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတို့အား တစ်ဦးလျှင် ငွေဒဏ်ကျပ်သိန်းနှစ်ဆယ်စီဖြင့် ကျပ်သိန်းလေးဆယ်ပေးဆောင်စေ၊ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် ၁၅ ရက်စီကျခံစေဟု အမိန့်ချမှတ်ခဲ့မှုအပေါ် Mr.LEIPEI JUN (လုပ်ငန်းရှင်) နှင့် ဒေါ်မြတ်ဆုမွန် (မန်နေဂျာ)တို့မှ ငွေဒဏ်ကျပ် ၄,၀၀၀,၀၀၀/-(ကျပ်သိန်းလေးဆယ်တိတိ)ကို အင်းစိန်မြို့နယ်တရားရုံးသို့ပေးဆောင်ခဲ့ပြီးဖြစ်ပါကြောင်းသတင်းရရှိပါသည်။