ရန်ကုန် ၂၀၁၃ မတ်လ ၂၅ ရက်

ကိုရီးယားဘာသာစကားကျွမ်းကျင်မှုကို ကွန်ပျူတာအခြေပြုစစ်ဆေးသည့်စာစစ်ဌာန EPS-TOPIK (Computer Based Test-CBT) Centre ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ အဆိုပါအဆောက်အဦရှေ့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးဌာန ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်း (HRD Service of Korea)မှ ဒုတိယဥက္ကဌ Mr. LEE CHOON BOOK နှင့်ကိုယ်စားလှယ်အဖွဲ့၊ကိုရီးယား သမ္မတနိုင်ငံ HRD အဖွဲ့အစည်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး Mr. CHOI JUNG IN ၊ အလုပ်သမား အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် HRD ကိုရီးယားမှဒုတိယဥက္ကဌ Mr. LEE CHOON BOOK တို့မှ အဖွင့်အမှာစကားပြောကြားပြီး ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံမှူးတို့က မြန်မာ EPS-TOPIK (Computer Based Test- CBT) Centre ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် CBT Centre အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
EPS-TOPIK (Computer Based Test -CBT) Centre ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းဖြင့်ဖြေဆိုရမည့်မေးခွန်း နှင့်အဖြေတို့ကို (on line) ဖြင့်ပေးပို့ဆောင်ရွက်နိုင်၍ယခင်သမရိုးကျပြုလုပ်နေသော မေးခွန်းလွှာနှင့်အ‌ဖြေလွှာ များဖြင့် စစ်ဆေး‌ဖြေဆိုခြင်း(Paper Based Test) ထက် ပိုမိုစိတ်ချ လုံခြုံမှုရှိပြီး အချိန်နှင့်ကုန်ကျစရိတ်သက်သာခြင်း၊ စာမေးပွဲရလာဒ်ကိုလည်း အချိန်တိုအတွင်း ထုတ်ပြန်ပေးနိုင်ခြင်းစတဲ့အကျိုး‌‌ကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ အထူးသဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင်ကနဦး(၃)နှစ် အလုပ်လုပ်ကိုင်ခဲ့ကြပြီး နောက်ထပ် အလုပ်အကိုင်စာချုပ် ဆက်လက်လုပ်ကိုင်နေစဉ်ကာလအတွင်း မိမိတို့ဆန္ဒအရ မိခင်နိုင်ငံသို့ ပြန်လာကြသည့် မြန်မာလုပ်သားများအနက် ကိုရီးယားသမ္မတနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသူများအတွက် HRD Korea အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲကို(၃)လတစ်ကြိမ် ကျင်းပပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ကြောင်း၊ မကြာမီ မတ်လ ၂၈၊ ၂၉ နှင့် ဧပြီလ ၁ ရက်‌နေ့တို့တွင် စာမေးပွဲများ ကျင်းပသွားရန်ရှိသည်ဟု သတင်းရရှိပါသည်။