အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                  ဖေဖေါ်ဝါရီ  ၉

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု Dual Tech Institute of Vocational Education သို့ ရောက်ရှိ၍ သင်တန်းကျောင်းအတွင်းရှိ  စာသင်ခန်း များ၊ လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများနှင့်  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်တန်း များ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။     

          သင်တန်းကျောင်း တာဝန်ခံက သင်တန်းကျောင်းကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင် မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် မှတ်ပုံတင် လက်မှတ် ရယူထားပြီးဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်း သင်တန်းနှင့် လျှပ်စစ်ဝါယာရိန်းသင်တန်းများကို အဓိကဖွင့်လှစ်ပို့ချနေကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်းသား (၁၀၀) ဦးနှင့် လျှပ်စစ်ဝါယာရိန်းသင်တန်းသား (၈၀) ဦး အပါအဝင် သင်တန်းသား (၁၈၀) ဦး မွေးထုတ် ပေးနိုင် ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်းစုစုပေါင်း သင်တန်းသား (၂၀၀) ဦး မွေးထုတ်ပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။    

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားထုကို ဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံ တကာနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အသွေးပြည့်မီသော မြန်မာ လုပ်သားထုတစ်ရပ် ​ပေါ်ထွန်းလာစေရေး ဦးတည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိပြီးသူများ၏ လုပ်ငန်းခွင် ဆိုင်ရာ အခွင့်အလမ်းများနှင့် ဘဝတစ်သက်တာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းစဉ်များကို လမ်းညွှန်ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ကို တည်ထောင်ခဲ့ကြောင်း၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင် (၈၃) မျိုး၏ ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လအထိ အလုပ်အကိုင် (၃၈) မျိုးတွင် ကျွမ်းကျင်လုပ်သား ၂၁၀၀၀ ကျော် မွေးထုတ် ပေးနိုင်ခဲ့ ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်လုပ်သား ၅၀၀၀ ဦး မွေးထုတ်ရန် လျာထား ပြီး ၄၂၀၀ ကျော် စစ်ဆေးအကဲဖြတ်ပြီးဖြစ်၍ သတ်မှတ်ကာလအတွင်း လျာထားချက်နှင့်အညီ  မွေးထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း Dual Tech Training Center သည် NSSA အသိ အမှတ်ပြု သင်တန်းကျောင်းဖြစ်၍  NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Center) တည်ထောင်ခြင်းဖြင့် စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ပိုမိုအကောင် အထည်ဖော်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအနက် အလုပ်သမားဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်ရမည့်ပြခန်းအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။