အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် မတ် လ ၁၃ ရက်
COVID-19 ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းများဆွေးနွေးနိုင်ရေး သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့ နေ့လည် ၁၃:၃၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာ၌ ယနေ့ ကမ္ဘာတွင်ကြုံတွေ့နေရသည့်ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါရိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများ တွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများနှင့် ပတ်သက်ပြီး အလုပ်သမား နှင့် အလုပ်ရှင်များအပေါ် သက်ရောက်နိုင်မည့်အခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်၍ အခြားနိုင်ငံများတွင်ဖြစ်ပေါ် နေသောအခြေအနေများကို လေ့လာပြီး အလုပ်ရှင်၊ အလုပ်သမားများ အတွက်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးကြိုတင် ပြင်ဆင်စီမံ မှုများ ပြုလုပ်လျက်ရှိပါကြောင်း။
လက်ရှိအခြေအနေတွင် COVID-19နှင့် ဆက်စပ်၍ဖြစ်စေ၊ ကုန်ကြမ်းပြတ်တောက်မှုကြောင့် ဖြစ်စေ၊ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်စေ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လ ၁၀ ရက်နေ့ ထိ အပြီးပိတ် ၈ ရုံ၊ ယာယီပိတ် ၆ ရုံနှင့် လုပ်သားအင်အားလျှော့ချမှု ၂ ရုံ ရှိခဲ့ပြီး လုပ်သားအင်အား ၃၄၁၃ ဦးကို ငွေကြေးအကျိုးခံစားခွင့်များ ဆောင်ရွက်ပေးနိုင်ခဲ့၍ အဆိုပါကာလအတွင်း အထည် ချုပ်စက်ရုံ ၁၈ ရုံ၊ အိတ်ချုပ်စက်ရုံ ၁၁ ရုံ၊ ဖိနပ်စက်ရုံ ၄ ရုံ၊ အခြား စက်ရုံ ၃၆ ရုံ၊ စုစုပေါင်း ၆၉ ရုံအသစ်ထပ်မံ ဖွင့်လှစ်နိုင်ခဲ့သဖြင့် အလုပ်သမား ၁၁၅၁၁ ဦးကို အလုပ်အကိုင်အခွင့်အလမ်းသစ် များဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
မတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီညှိနှိုင်းအစည်းအဝေးတွင် COVID-19ရိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်သားအင်အားလျော့ချမှု၊ ယာယီပိတ်သိမ်းမှု၊ အပြီးပိတ်သိမ်းမှု၊ အချိန်ပို မလုပ်ကိုင်နိုင်၍ လုပ်ခလစာလျော့ နည်းမှု၊ စက်ရုံ၊အလုပ်ရုံများ၌ပိတ်ဆို့အန္ဒပြမှု၊ လုပ်ငန်းရှင်များမှ လစာထုတ်ပေး ရန်အခက်အခဲကြုံတွေ့မှုများကြောင့်မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပွားစေ ရေး အလုပ်သမား၊ အလုပ်ရှင်များ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်စေရေး စဉ်းစားသုံးသပ် ဆောင်ရွက်ရန် မှာကြားခဲ့ ပါကြောင်း။
သို့ပါ၍ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာန အလိုက် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ တည်တံ့ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ တိုးပွားလာ ရေး၊ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲစီးပွားရေးကျဆင်းမှုကိုကုစားနိုင်ရေး စက်ရုံ၊အလုပ်ရုံများတွင် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများနှင့် စပ်လျဉ်း၍ အလုပ်သမားများ၊ အလုပ်ရှင်များ ပူးပေါင်းဆောင် ရွက်နိုင်မည့် နည်းလမ်းများရှာဖွေဖော်ထုတ်ရေး၊ Stay Home Leave နှင့်စပ်လျဉ်း၍ အကြံပြု ချက် များပေးရေး၊ ဝန်ကြီးဌာနမှ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး ဆောင်ရွက်၍ မရနိုင်သော ကိစ္စရပ်များကို အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဖက် မိသားစုစိတ်ဓာတ်ဖြင့် အပြန်အလှန် နားလည်ယုံကြည်မှုရှိစွာ ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊လက်ရှိ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းရာတွင် ပကဓိအခြေအနေ မှန်ကို မှန်မှန်ကန်ကန်စိစစ်သုံးသပ်၍ အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဖက် အပြုသဘောဆောင်သည့် စုပေါင်းဆွေးနွေးညှိနှိုင်းသဘောတူညီချက်များရယူပြီး အချိန်ကာလတစ်ခုအထိ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ COVID-19 ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက် အခဲအကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။