အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊မတ် လ ၂၅ ရက်

ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသော COVID-19 ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက် နေသည့်အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေး အဖြေရှာနိုင်ရေးအတွက် သုံးပွင့်ဆိုင် အစည်းအ​ဝေးကို ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စား လှယ်များ ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာ၌ ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက် နေသည့် အခက်အခဲ၊ အကြပ်အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေ ရှာနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြောင့်ကုန်ကြမ်းပြတ်လပ်ခြင်း၊အမှာစာမရရှိခြင်း၊အရှုံး ပေါ်ခြင်းနှင့် အခြားအကြောင်းအရင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း/ ယာယီ ပိတ်သိမ်းခြင်း/ အင်အားလျှော့ချခြင်းများ၊ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများ၊ အလုပ်သမား ဆန္ဒပြမှုများ၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှု လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်မဲ့အခြေ အနေများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဦးစီးဌာနများအလိုက် လုပ်ငန်းအစီ အမံများချမှတ်‌ဆောင်ရွက်လျက်ရှိပါကြောင်း။

လုပ်ငန်းရှင်များအနေဖြင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသည့် နိုင်ငံခြားသားပိုင် စက်ရုံ၊ အလုပ်ရုံများ၊ CMP စနစ်ဖြင့်လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ COVID–19 နှင့် ဆက်စပ်၍သော် လည်းကောင်း။ အခြားကုန်ကြမ်းပြတ်တောက်မှုနှင့် အခြားသောအကြောင်း တစ်ခုခုကြောင့်သော် လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်း၊ လုပ်သားအင်အား လျှော့ချခြင်းများ သကဲ့သို့ ယခု COVID – 19 ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစပြီး စက်ရုံ၊ အလုပ်ရုံ အသစ်များ ထပ်မံဖွင့်လှစ်လျက်ရှိတာကိုလည်း စိစစ်တွေ့ရှိရပါကြောင်း။

ထိုသို့ စက်ရုံ၊အလုပ်ရုံများရှိအလုပ်သမားများကလည်း အလုပ်ဆက်လက်လုပ်ကိုင်လိုကြပြီး အလုပ်ရှင်များကလည်းအလုပ်သမားလျော့ချခြင်း၊ပိတ်သိမ်းခြင်းမပြုလုပ်လိုကြကြောင်း၊၎င်းအခြေ အနေကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားရန်လိုကြောင်း၊ လတ်တလော တွင် အလုပ်သမားများ၏ ပုံမှန်အလုပ်အကိုင် အခွင့်အလမ်းများ စီးဆင်းမှုများ ပြတ်တောက်သွားမှု မရှိနိုင်သေးတာကို တွေ့ရှိ ရပါကြောင်း။ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေးအတွက်ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။

ယခုအချိန်တွင် အခွင့်အရေးများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ အငြင်းပွားမနေပဲ လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တည်တံ့နေစေရေးတို့ကို ပိုမို အလေးထားသုံးသပ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။ အလုပ်ရှင်၊အလုပ်သမား ကျောချင်းကပ်ပြီး ကြုံတွေ့လာမည့် ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြေရှင်းကျော်လွှားကြ မည်ဆိုသည်ကို ရင်းနှီးပွင့်လင်းသည့် ဆွေးနွေးအဖြေရှာမှုများအား အမြန်ဆုံး ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

နိုင်ငံတော်အနေနှင့် အထည်ချုပ်လုပ်ငန်းများအပါအဝင် ဟိုတယ်ခရီးလုပ်ငန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အတွက် ကျပ်ဘီလီယံ ၁၀၀ကိုသက်သာသောနှုန်းထားဖြင့် အလုပ်သမား များ ၊လုပ်ငန်းရှင်များ အတွက်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများတွင် COVID – 19 ရောဂါ အသိပညာပေးမှုများကို ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်ရှင်များ ပူးပေါင်းလုပ်ဆောင် လျှက်ရှိရာ ဆက်လက်၍ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် လိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ COVID-19 ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက် နေသည့် ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။