အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ အမှတ် ၃၄-၃၆ ရှိ Mr. Liu  Hao  Wei (တရုတ်နိုင်ငံသား) ပိုင်ဆိုင်သော Costec  International  Co.,Ltd (CMP) အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်မှ စက်ချုပ်အလုပ်သမား ဦးကျော်ကျော်လတ်အား  အလုပ်ချိန်အတွင်း လုပ်ငန်းခွင်စည်းကမ်း လိုက်နာမှုမရှိသဖြင့် ၂၁-၁-၂၀၂၆  ရက်တွင် အလုပ်ရပ်စဲ ခဲ့ခြင်းအပေါ် အလုပ်သမား  ၄၂၉  ဦးသည် ၂၂-၁-၂၀၂၆ ရက်တွင် HR မန်နေဂျာအား အလိုမရှိ၊ အလုပ်သမား ဦးကျော်ကျော်လတ်အား အလုပ်ပြန်လည်ခန့်ထားပေးရန် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ  တောင်းဆိုမှုသတင်းဖော်ပြချက်နှင့် စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန၊ အင်းစိန်မြို့နယ်တာဝန်ခံအရာရှိမှ အောက်ပါအတိုင်း ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်

(က)    ၂၂-၁-၂၀၂၆ ရက်၊ (၁၁:၀၀) နာရီတွင်  အလုပ်ရှင်ကိုယ်စား HR  Manager  ဒေါ်အေးသန္တာဝင်း၊  HR Staff ဒေါ်ခင်မြင့်မွန်ထက်၊ Admin ဦးသွင်ထူးအောင်နှင့် အလုပ်သမား ဦးကျော်ကျော်လတ်၊ ရွှေပြည်သာမြို့နယ်အထည်ချုပ်အလုပ်သမား အဖွဲ့အစည်းမှ အလုပ်သမားကိုယ်စားလှယ် ဒေါ်သက်မာဦး၊ ဒေါ်မြကေခိုင်တို့အား အလုပ်သမား ဦးကျော်ကျော်လတ်အား အလုပ်ချိန်အတွင်း လုပ်ငန်းခွင်စည်းကမ်း လိုက်နာမှုမရှိသဖြင့် အလုပ်မှထုတ်ပယ်ခဲ့မှုနှင့်ပတ်သက်၍ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) အပိုဒ်(၁၃)ပါ စည်းကမ်းချက်များနှင့် စိစစ်ရာတွင် မပါရှိခြင်းနှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ တရားဝင်အလုပ်သမားအဖွဲ့ အစည်းအဖြစ် လျှောက်ထားသည့်အတွက် အလုပ်မှထုတ်ပယ်၍ မရကြောင်း ရှင်းလင်း ပြောကြားညှိနှိုင်းပေးခဲ့သဖြင့် ပြေလည်မှုရရှိပြီး အလုပ်ပြန်လည်ခန့်ထားမှု အပါအဝင် အလုပ်ရှင်၊ အလုပ်သမားတို့မှ လိုက်နာဆောင်ရွက်ကြရန် သဘောတူညီချက်(၂)ချက် ဖြင့် နှစ်ဖက်သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြောင်းနှင့် အလုပ်သမားများသည် ၂၃-၁-၂၀၂၆ ရက်တွင် လုပ်ငန်းခွင်အတွင်း အေးချမ်းစွာ ဝင်ရောက်လုပ်ကိုင်လျက်ရှိ ကြောင်း၊

(ခ)     Costec အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ၉-၁-၂၀၂၆ ရက်တွင် မြို့နယ်မှတ်ပုံတင်အရာရှိထံသို့ အလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးပါ အဖွဲ့ဝင် စုစုပေါင်း ၆၉ ဦးဖြင့် မှတ်ပုံတင်ပေးရန်လျှောက်လွှာကို လျှောက် ထားခဲ့ရာ လက်ခံရရှိပြီး ပြေစာပုံစံ-၆ ကို ၁၄-၁-၂၀၂၆ ရက်တွင် ဥက္ကဋ္ဌထံ ထုတ်ပေး ခဲ့ကြောင်း၊

(ဂ)     အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူးမှ ၁၆-၁-၂၀၂၆ ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်) ရှိ မှတ်ပုံတင်အရာရှိချုပ်ထံသို့ Costec အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း အဖြစ် ဖွဲ့စည်းခွင့်ပြုရန် အခြေခံအဖွဲ့ အစည်းလျှောက်ထားရာတွင် ပူးတွဲပါရှိရမည့် ပုံစံ-၁၊ ပုံစံ-၂၊  ပုံစံ-၄၊ ပုံစံ-၆နှင့် အလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းထောက်ခံချက်၊ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် မြို့နယ်မှတ်ပုံတင်အရာရှိ၏ သဘောထားမှတ်ချက်များ နှင့်အတူ မူရင်းလျှောက်လွှာများကို စာတိုက်မှ ပေးပို့လာခဲ့သဖြင့် ၂၁-၁-၂၀၂၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း၊

(ဃ)    ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အချက်အလက်များကို စိစစ်၍ မှန်ကန်ပါက အခြေခံအလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု လက်မှတ် ဆောလျင်စွာ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊

၂။       သို့ဖြစ်၍ ၂၂-၁-၂၀၂၆ ရက်တွင် ဖော်ပြပါရှိသည့် Costec International Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများတောင်းဆိုမှု သတင်းဖော်ပြချက်အပြင် အခြားစက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာအငြင်းပွားမှုတိုင်းအား အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားတို့အား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်တည်မြဲ စေရေး၊ အလုပ်သမားများ၏အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိစေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါ သည်။