အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်

  ဩဂုတ်၁၃။

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ပျဉ်းမပင်စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့်  Dragon State နှင့် Tristate Myanmar ၊ ရန်ကုန်စက်မှုဇုန်ရှိ မူဆောင်းအထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ အလုပ်သမားအဖွဲ့အစည်းနှင့်  စက်ရုံအတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများကို လိုက်နာဆောင်ရွက်မှု၊ ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှုနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။

  တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများသည် အလုပ်အကိုင် အခွင့် အလမ်းအများဆုံး ဖန်တီးပေးနိုင်သဖြင့် မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ CMP စက်ရုံများကို  ပြည်ထောင်စု နယ်မြ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားပြီး  New Normal အခြေအနေနှင့်အညီ လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများမှ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

CMP စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်ကိုယ်စား ကြီးကြပ်သူများနှင့် အလုပ်သမားများသည် အလုပ်အပ်နှံသူများ၏ ကျေနပ်အားရမှုရှိစေရေး အချိန်မီ တင်ပို့ပေးနိုင်ရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေမှုကို အားပေးဂုဏ်ယူကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင် နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို သတ်မှတ်ကာလအပြီး စံချိန်မီ ချုပ်လုပ် တင်ပို့နိုင်မည်ဖြစ် ကြောင်း။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ပေးလျက်ရှိရာ လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် မင်္ဂလာဒုန်စက်မှုဇုန်များတွင် Assessment Center များ တည်ထောင် ထားရှိပြီး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် စစ်ဆေးအကဲ ဖြတ်မှု ဆောင်ရွက်လျက်ရှိကြောင်း။

အထည်ချုပ်လုပ်သားများတွင် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှု ရှိသူများစွာ ရှိသဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရယူထားခြင်းအားဖြင့် တစ်ဦးချင်း ဂုဏ်သိက္ခာ အပိုင်းတွင် မြင့်မားစေသကဲ့သို့ စက်ရုံအတွက် ကျွမ်းကျင်လုပ်သားများစွာ ပြုစုပျိုးထောင်ပေးခြင်း အားဖြင့် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်ကိုးစားမှုရရှိပြီး ကုန်ထုတ်စွမ်းအား မြင့်မားစေရေး များစွာအထောက်အပံ့ဖြစ်စေနိုင်ကြောင်း။

အလုပ်အပ်နှံသူ၏ ယုံကြည်ကိုးစားမှုရရှိသည်နှင့်အမျှ  စက်ရုံ၏ပုံရိပ်ကို မြင့်မားစေနိုင်ပြီး စဉ်ဆက်မပြတ် ကုန်အမှာစာများ ရရှိနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ‌ကောင်းမွန်မှုကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အားဖြစ်စေကြောင်း။  

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ ပျဉ်းမပင်စက်မှုဇုန်နှင့် ရန်ကုန်စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများတွင် စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်များရယူနိုင်ရေး စစ်ဆေးအကဲဖြတ်မှုခံယူရန် တိုက်တွန်းလိုကြောင်း။

အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ထူထောင်ရေး၊  အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ် သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း။ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့် ဆောင်ရွက်ရန် လိုကြောင်း  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်