ရန်ကုန် ဇန်နဝါရီလ ၁၃
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ တိုင်းရင်း သားရေးရာဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ် စက်ရုံများ ဖြစ်သည့် ရွှေလင်ပန်း စက်မှုဇုန်ရှိ China Morning Apparel Co,Ltd၊ Sen Ma Te Myanmar Apparel Co.,Ltd၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) ရှိ Kamcaine Manufacturing (Myanmar) Co,Ltd နှင့် ရွှေသံလွင်စက်မှုဇုန်ရှိ Saiform International Garment (Myanmar) များသို့ ကွင်းဆင်းအားပေး၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ပိုမို အားကောင်းလာစေရေး လိုအပ်သည်များ မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကော်မတီဝင်များက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံအတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဝင်များ ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများကိုလိုက်နာဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။
ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေကြောင်း၊ နိုင်ငံ့၏ GDP တိုးတက်စေရန် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ပို့ကုန်အဆင့်မြှင့်တင်ရန်လိုကြောင်း လမ်းညွှန်မှာကြားချက်နှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် CMP လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊
စက်ရုံ၊ အလုပ်ရုံ တာဝန်ခံများအနေဖြင့် ထုတ်ကုန်ပစ္စည်းများ အချိန်မီ တင်ပို့နိုင်ရန် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် အဓိကမောင်းနှင်အားဖြစ်သည်ကို ကောင်းစွာ သိရှိ နားလည်ပြီး ကြီးကြပ်ရေးမှူးများကို သင့်တင့်မျှတသော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်ရန် အားပေးပြီး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်စည်းကမ်းများကို အလေး ထား လေးစားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနေသည့် လုပ်ငန်းများဖြစ်ရာ မိမိလုပ်ငန်း အပေါ် သစ္စာစောင့်သိရမည်ဖြစ်ပြီး အလုပ်ရှင်နှင့်အလုပ်သမားများ အပြန်အလှန် အကျိုးပြု နေကြောင်း ခံယူ၍ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်လိုကြောင်း၊ ကျွမ်းကျင် လုပ်သားများကို ကျွမ်းကျင်မှုအဆင့်နှင့်ကိုက်ညီသည့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ရေး ဝန်ကြီး ဌာနမှ ဦးစီးဆောင်ရွက်လျက်ရှိသဖြင့် အထည်ချုပ်လုပ်သား အလုပ်အကိုင်အတွက် Assessment Center များကို လုပ်သားအင်အား များပြားသည့် စက်ရုံများတွင် တည်ထောင်ပေးပြီး လုပ်ငန်းခွင်မပျက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်နိုင်ရေး မိတ်ဖက်ဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ကောင်းစွာသဘော ပေါက်နားလည်ပြီး လုပ်ဖော်ကိုင်ဖက်လုပ်သားများကို လုပ်ငန်းခွင် မတော်တဆထိခိုက်မှု မရှိစေရေး သတိပေးရန်လိုကြောင်း၊ လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်း ကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေး အထောက် အကူဖြစ်စေသဖြင့် အလုပ်ရှင်များမှ လိုအပ်သည်များ စီမံဆောင်ရွက် ပေးရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ယက်ဆုရရှိသည့် စက်ရုံများ ကို အတုယူ၍ ကျင့်သုံးဆောင်ရွက်သွားရန်နှင့် လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ချက် နှင့်ကိုက်ညီ သည့် စက်ရုံများတွင် ဌာနကြီးဆေးခန်းများ ဖွင့်လှစ်ပေးလျက် ရှိသဖြင့် အာမခံ အလုပ်သမား များအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိရေး ချိတ်ဆက် ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။
