အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                        ဇန်နဝါရီ   ၁၁

          အလုပ်သမားဝန်ကြီးဌာန CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ   CMP လုပ်ငန်းများ ငွေကြေးဆိုင်ရာအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ (၁၃:၀၀) နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံးဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးသည့်  CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံ သားများအတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊

          CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များမှာ CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်လိုကြောင်း လျှောက်ထားလာမှုများကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေးအတွက် သဘောထားမှတ်ချက်နှင့်တကွ စိစစ်ဆောင်ရွက်ပေးခြင်း၊ CMP စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းများအား တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သောလုပ်ခခံစားခွင့်များ အပြည့်အဝထုတ်ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများ စနစ်တကျထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊

          ကုန်သွယ်မှုနှင့် ကုန်သည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ အကြောင်းကြားလာသော CMP စက်ရုံများ၏ နိုင်ငံခြားငွေဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အပိုင်း (၂ ) ပိုင်း ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံ ရှိသည့်အနက် နိုင်ငံခြားငွေဝင်ရောက်မှုများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်နှင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စိစစ်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်စက်တင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ငွေစာရင်းဖွင့်လှစ်ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိကြောင်း၊  နိုင်ငံခြားငွေဝင် ရောက်ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံ တွေ့ရှိခဲ့ရပြီး ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ တွေ့ရှိခဲ့ကြောင်း၊ ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများအား ငွေကြေးလည်ပတ်သုံး စွဲရာတွင် ဘဏ်စနစ် အသုံးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသော စက်ရုံများသည် ပြည်ပမှ အသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

ထို့အပြင် CMP လုပ်ငန်းများကို အထောက်အကူပြုရန် ဖွဲ့စည်းပေးထားခဲ့သော CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ် ကော်မတီ နှင့် CMP သွင်းကုန်၊ ပို့ကုန်ကြီးကြပ်ရေးဆပ်ကော်မတီ တို့သည် လုပ်ငန်းများစိစစ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းများမှ ပူပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊

          CMP လုပ်ငန်းများ တိုးတက်အောင်မြင်ရေးသည် စာရင်းဇယားများ မှန်ကန်မှုအပေါ်တွင် အခြေခံကျမှုရှိခြင်းကြောင့် နိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်ထားသော စက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေစီးဆင်းမှုသည်လည်း နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်ကြောင်း၊ တက်ရောက်လာကြ သော CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များမှ မိမိတို့တွေ့ကြုံရသောအခက်အခဲများ ဖြေလျော့ပေးစေလိုသည့် အချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်  အတွင်းရေးမှူးတို့မှ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသော အသင်းအဖွဲ့ နှင့် လုပ်ငန်းရှင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးခဲ့ကြောင်း သတင်းရရှိသည်။