အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          မတ်  ၂၃။

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့် လှိုင်သာယာမြို့နယ်ရှိ Myanmar LYN CAPS Co.,Ltd ဦးထုပ်စက်ရုံနှင့် Newtop Lotus Co.,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အရည်အသွေးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြည့်ရှုအားပေးခဲ့သည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများနှင့် အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ အလုပ်သမားအဖွဲ့အစည်းနှင့်  စက်ရုံအတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဝင်များ ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများကို လိုက်နာ ဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာ ဆောင်ရွက်မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်မှုများကို  ရှင်းလင်း တင်ပြသည်။

          တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရန် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် အဓိကကျပြီး အရည်အသွေးမီ ထုတ်ကုန်များ အချိန်မီ ထုတ်လုပ်နိုင်ရေး ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် အဓိက မောင်းနှင်အားဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ပြီး ကြီးကြပ်ရေးမှူးများကို သင့်တင့်မျှတ သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်ရန် အားပေးပြီး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် စည်းကမ်းများကို အလေးထား လေးစားလိုက်နာ ဆောင်ရွက်ရန်၊ စက်ရုံအတွင်းရှိ သတ်မှတ် အဆင့်မီသူများကို  ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး အားပေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေး ရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်၊ အလုပ်သမား ရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်  စဉ်ဆက်မပြတ် ထိတွေ့ပြီး မျှတ သည့် အလုပ်သမားရေးရာဆက်ဆံမှု ရှိရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြား၍ အလုပ်သမား ကိုယ်စားလှယ်များ၏ တင်ပြချက်များကို စက်ရုံ၊ အလုပ်ရုံတာဝန်ခံများနှင့် ညှိနှိုင်း ဆောင်ရွက်ပေး၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။