အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                      မတ်လ ၁၈

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည်   ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး   မင်္ဂလာဒုံ စက်မှုဇုန်ရှိ CMP စက်ရုံများ ဖြစ်သည့် Honey Garnment (အထည် ချုပ်စက်ရုံ၊) ၊ EMC (အိတ်ချုပ်စက်ရုံ)၊  Myanmar DYC (ဖိနပ်စက်ရုံ) တို့သို့ တိုင်းဒေသကြီး  ဦးစီးမှူးများ၊ မြို့နယ်မှူးများနှင့်အတူ ရောက်ရှိ၍ လုပ်ငန်းခွင်အတွင်း ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

          စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံက ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးမှု များ စနစ်တကျ ဆောင်ရွက်ထားမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဖွဲ့စည်းထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ စက်ရုံ အတွင်းရှိ အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကို ရှင်းလင်းတင်ပြသည်။

 ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ‌ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစု ပျိုးထောင်နိုင်သည်နှင့်အမျှ မိမိစက်ရုံ၊ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ် နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏  ဦးဆောင်မှုဖြင့် အထည်ချုပ်လုပ်ငန်း နှင့်စပ်လျဉ်း၍ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိရာ စက်ရုံအတွင်းရှိ သတ်မှတ် အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ရယူနိုင်ရေး အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်၍ ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း။

          စက်ရုံလုပ်သားများ ကျန်းမာရေး ကောင်းမွန်ပြီး ကုန်ထုတ်စွမ်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ကြောင့် အလုပ်ခွင် ထိခိုက်မှုနည်းပါးစေရေး၊ လုပ်သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း၊    စက်ရုံအလုပ်သမားအဖွဲ့အစည်းနှင့် အလုပ် သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီတို့သည် စက်ရုံတာဝန်ခံ၊ မန်နေဂျာများ၊ ကြီးကြပ် ရေးမှူးများနှင့် မိမိစက်ရုံ၊ အလုပ်ရှင် အလုပ်သမား အကျိုးရှေ့ရှု၍ အစစ ညှိနှိုင်း ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု နည်းပါးစေပြီး အရည်အသွေးမီ ထုတ်ကုန် ပစ္စည်းများကို သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့နိုင်ခြင်းအားဖြင့်  စက်ရုံ၏ ဂုဏ်သတင်း ကို မြှင့်တင်ပေးနိုင်ကြောင်း၊ လက်ရှိ ကာလတွင် အမှာစာများ ပြန်လည် လက်ခံရရှိနေပြီဖြစ်၍ အခြေအနေကောင်းများကို ထိန်းသိမ်းထား ရန်လိုကြောင်း၊ အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေ အမိန့် ညွှန်ကြားချက်များကို ကောင်းစွာ သိရှိလိုက်နာ ဆောင်ရွက်ရန်လိုပြီး  အခါ အားလျော်စွာ ကျင်းပသည့် အလုပ်သမားရေးရာ အသိ ပညာပေး ဆွေးနွေးပွဲများ၊ Online မှ ပို့ချသည့် ဆွေးနွးချက်များကို အလေးထားမှတ်သား ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ဦးစီးဌာနများသို့ အချိန်မရွေး အကူအညီ တောင်းခံနိုင်ကြောင်း။

          နွေရာသီရောက်ရှိလာပြီဖြစ်၍ မီး‌ဘေးလုံခြုံရေး အထူးဂရုပြုရန်နှင့် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရန်လိုကြောင်း၊ လုပ်သားများ လုပ်ငန်းခွင်ပျော်ရွှင်ရေး အလေး ထားဆောင်ရွက်ပေးရန်နှင့် အချိန်ပို လုပ်ကိုင်မှုများကို သက်ဆိုင်ရာ ဦးစီးဌာနသို့ သတ်မှတ်ချက် နှင့်အညီ တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်လိုကြောင်း။

          စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည်နှင့်အမျှ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက် နိုင်မည်ဖြစ်ရာ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများ စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်း ရှိ/မရှိ ကြပ်မတ် စစ်ဆေးမှုများ ပြုလုပ်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

          ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ၂၄-၂-၂၀၂၂ ရက်နေ့မှ ၁၀-၃-၂၀၂၂ ရက်နေ့ထိ  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ၊ စက်ရုံ၊ အလုပ်ရုံ ၉၂ ရှိ ၊ အလုပ်ဌာန ၄၄ ခု၊ ပေါင်း ၁၃၆ ဌာနကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။