ရန်ကုန် ဇူလိုင် ၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Nadal Pacific Apparel Co.,Ltd ၊ Sioen Myanmar Limited၊ Thong Thai Textile-2 (Myanmar) Co.,Ltd စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများ၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင် ရွက်ရမည့် ညွှန်ကြားချက်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများကို လိုက်နာဆောင်ရွက်မှု ၊ ကျန်း မာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကုန်ထုတ် စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ် ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ် အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များရယူနိုင်ရေး ဦးစီးဌာနများနှင့် ချိတ် ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့အနေဖြင့် စစ်ဆေးအကဲဖြတ် ရေးဌာနများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူး များ မွေးထုတ် ပေးလျက်ရှိရာ အလုပ်အကိုင် အမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်ရန်ရမည် ဖြစ်ကြောင်း။
လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်း ခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စနစ်အား အလေးထားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လထိ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ၁၂၅၂ခု ရှိပြီး လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးဦးစီးဌာနမှ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို ၈၉၇ကြိမ်ထိ တိုင်းတာပေးနိုင်ခဲ့ပါသည်။
