ရန်ကုန် ဇွန် ၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Tarh Shin ၊ Famoso Clothing၊ Myanmar Postarion စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများ စနစ်တကျ ဆောင်ရွက်ထားမှု၊ ကျန်းမာရေးကော်မတီ ဖွဲ့စည်း ထားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ အလုပ်သမားအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှု အသိ အမှတ်ပြု လက်မှတ်များ ရယူနိုင်ရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီး ဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စနစ်အား အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၂ခုနှစ်၊ မေလထိ ဖွဲ့စည်း ထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ ၁၂၈၈ ခုရှိပြီး လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး ဦးစီးဌာနမှ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေ အနေ တိုင်းတာအကဲဖြတ်ခြင်းကို ၈၈၅ ကြိမ်ထိ တိုင်းတာ ပေးနိုင်ခဲ့ပါသည်။