နေပြည်တော် ဧပြီ ၂၈ ရက်
ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏စာရင်းအရယင်းဌာန၌ မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း CI ပြုလုပ်ရန် ကျန်ရှိသည့် မြန်မာအလုပ်သမား ၂၈,၁၉၄ ဦးခန့်ရှိပါသည်။
CI ပြုလုပ်ရန် ကျန်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့မှ ၆ ရက်နေ့ထိထိုင်းနိုင်ငံဘက်မှ ဘန်ကောက်မြို့တွင် OSS စခန်း (၄)ခုဖြင့်လည်းကောင်း၊ ကျန် ၇၆ ခရိုင်တွင် ခရိုင်တစ်ခုလျှင် OSS စခန်းတစ်ခုစီဖြင့်လည်းကောင်း ဖွင့်လှစ်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် CI ပြုလုပ်ရန် ကျန်ရှိသည့် အလုပ်သမားများအနေဖြင့် သတ်မှတ် ကာလအတွင်း အချိန်မီ သွားရောက်ဆောင်ရွက်ရန် လိုအပ်ပါသည်။
နိုင်ငံသားစိစစ်ပြီးစီး၍ CI စာအုပ်ရရှိပြီးသူ အလုပ်သမားများသည် ကျန်းမာရေးစစ်ဆေးပြီးလျှင် နီးစပ်ရာ OSS စခန်းများသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးဌာန၌ နေထိုင်ခွင့်ဗီဇာ ၂ နှစ် ပြုလုပ်ခြင်း၊ အလုပ်အကိုင်ဌာနတွင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပြုလုပ်ခြင်းနှင့် ပြည်ထဲရေးဌာနမှ ကိုယ်ရေးအချက်အလက်များပြင်ဆင်ဖြည့်စွက်၍ ဂဏန်း (၁၃) လုံးပါသည့် ပန်းရောင် ID ကတ် ထုတ်ယူခြင်းစသည့်လုပ်ငန်းစဉ်များ ကိုဆောင်ရွက်ရမည်ဖြစ်ပါသည်။
သက်ဆိုင်ရာအလုပ်အကိုင်ဌာနနှင့် Online စနစ်တို့တွင် မှတ်ပုံတင်ခဲ့၍ စာရင်းဝင်ပြီး နိုင်ငံသားစိစစ်ရန်ကျန်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ထိုင်းအလုပ်အကိုင်ဌာန မှ လိုအပ်သည့် အလုပ်သမားဖုန်းနံပါတ်များ၊ အလုပ်ရှင်၏အချက်အလက်များရယူထားပြီးဖြစ်ရာ OSS စခန်းများသို့ သွားရောက်ရမည့် ရက်ချိန်းကိုကာယကံရှင် အလုပ်သမားများထံသို့ SMS စနစ်ဖြင့် Message ပေးပို့အကြောင်းကြားပေးမည်ဖြစ်ပြီး ရက်ချိန်းရရှိပြီးသူ အလုပ်သမားများ အနေဖြင့် သတ်မှတ်နေ့ရက်တွင် မသွားရောက်နိုင်ပါက ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏ Hot Line ဖုန်းနံပါတ် 02-2487290 သို့ ကြိုတင် ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပါသည်။
အလုပ်သမားများ (၂၄) နာရီဆက်သွယ်အကြောင်းကြားနိုင်ရန်ထိုင်းနိုင်ငံ၊ အလုပ်အကိုင် ဌာန၌ Call Center ကြိုးဖုန်း (၁၀) လုံးနှင့် Wall Room Monitor တို့အားတပ်ဆင်ထားရှိပြီး Monitor Screen တွင် OSS စခန်းများအလိုက် လာရောက် ဆောင်ရွက်ပြီးစီးသူဦးရေ၊ ကျန်ရှိ ဦးရေစသည့် အသေးစိတ်စာရင်းတို့အား Updateဖော်ပြထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အလုပ်အကိုင် ဌာနမှ အသိပေးထားပါသည်။
အလုပ်သမားများအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက် မဆောင်ရွက်နိုင်ကြောင်း ကြိုတင် အကြောင်းကြားရန် ပျက်ကွက်ပါကရက်ချိန်း (Q) အားပယ်ဖျက်ခြင်းခံရမည်ဖြစ်၍ ကာယကံရှင်အလုပ်သမားအနေဖြင့် ထပ်မံဆောင်ရွက်ခွင့်ရရှိတော့မည်မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း တရားဝင် ပြန်လည်ဝင်ရောက်လိုပါက MOU စနစ်ဖြင့်သာပြန်လည်ဝင်ရောက်ခြင်းကို တရားဝင် ခွင့်ပြုမည်ဖြစ်ပါသည်။
အလုပ်သမားများသတ်မှတ်ရက်အတွင်းCI လျှောက်ထားရယူနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနအနေဖြင့် သက်ဆိုင်ရာနယ်မြေရုံးများမှတစ်ဆင့် အလုပ်ရှင်များသို့ ဆက်သွယ် အကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် CI လျှောက်ထားရယူရန် ကျန်ရှိသည့် အလုပ်သမားများအနေဖြင့် ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်နေ့အတွင်း CI စာအုပ်များအပြီးထုတ်ယူရန် လိုအပ်ကြောင်းတိုက်တွန်းအပ်ပါသည်။