အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၃)ရပ်ကွက်ရှိ Mr. Prasanna Kumara Jayasinghe (သီရီလင်္ကာနိုင်ငံသား)  ပိုင်ဆိုင်သည့် Amava Apparel အထည်ချုပ်စက်ရုံရှိ အလုပ်သမားများက စက်ရုံတွင် အော်ဒါပြတ်လပ်ခြင်းကြောင့် လိုင်းကိုယ်စားလှယ်များ အခြေခံ အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်သည့်စက်လိုင်းများအား ရွေးချယ်ဖြုတ် ချခဲ့ကြောင်း၊ စက်ရုံတွင် လုပ်ငန်းလိုအပ်ချက်အရ အလုပ်သမားခေါ်ယူရာတွင် ယခင် လျှော့ချခဲ့‌သော အလုပ်သမားများအား ပြန်လည်ခေါ်ယူခြင်းမရှိဘဲ နေ့စားအလုပ်သမားများ အား တစ်ရက်လျှင် ကျပ် ၄,၀၀၀ နှုန်းဖြင့် ခေါ်ယူလုပ်ကိုင်နေကြောင်း၊ နေ့စားအလုပ်သမား များအား သဘောဆန္ဒမပါဘဲ ညဘက်အချိန်ပို ခေါ်ယူလုပ်ကိုင်စေကြောင်း၊ အခြေခံအလုပ် သမားအဖွဲ့အစည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လိုင်းကိုယ်စားလှယ်များအား ခွဲခြားဆက်ဆံခြင်း၊ ချုပ်လုပ်ရန်အတွက် အထည်မပေးခြင်းများ ပြုလုပ်ကြောင်း၊ အထည်စံချိန် ၅၅ % ရရှိပါက ရက်မှန်ကြေး ကျပ် ၄၀,၀၀၀ ပေးပြီး တစ်ရက်ပျက်ပါက ရက်မှန်ကြေးမှ ၂၅% ဖြတ်တောက် မည်ဟု ရက်မှန်ကြေးနှုန်းထားအသစ်ပြင်ဆင်ခြင်းကို အလုပ်သမားများအား အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းကြောင်း၊ အလုပ်သမားများဆေးလက်မှတ်ခွင့်ယူပါက မပေးရန် စက်ရုံ ဘက်မှ လူမှုဖူလုံရေးအဖွဲ့အား ၂/၂၀၂၃ လတွင် ပြောထားကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၁၉-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ် အဖွဲ့မှတာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ General Manager နှင့် HR Admin Manager ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်ရှင် ကိုယ်စားလှယ် (၆) ဦး၊  (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် (၃) ဦး၊ လိုင်းအလိုက် အလုပ်သမားကိုယ်စားလှယ်(၁၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါ တို့ကိုသိရှိရပါသည်-

(က)   အော်ဒါပြတ်လပ်ခြင်းကြောင့် အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များပါဝင်သော လိုင်းကိုရွေးချယ်အင်အားလျှော့ချခြင်းမရှိဘဲ လိုင်းများအားလုံး အင်အားလျှော့ချခြင်းဖြစ်ကြောင်း၊ အင်အားလျှော့ချသည့်အချိန်တွင်လည်း အလုပ်သမားများအား နို့တစ်ကြိုတင်ပေး၍ ဥပဒေပါခံစားခွင့်များအားလုံး ပေးချေ၍ အင်အားလျှော့ချခဲ့ကြောင်း၊

(ခ)     ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် နေ့စားဝန်ထမ်းများရှိခဲ့သော်လည်း ၎င်းတို့အား           ၁၅-၅-၂၀၂၃ ရက်နေ့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ရာထူးတိုးမြှင်ခန့်အပ်ခဲ့ သဖြင့် စက်ရုံတွင် နေ့စားဝန်ထမ်းမရှိဘဲ အစမ်းခန့်ဝန်ထမ်းများသာရှိ ကြောင်း၊ ၎င်းတို့အား ညဘက်အချိန်ပိုလုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေခြင်း မရှိကြောင်း၊ စက်ရုံသည် အချိန်ပိုလုပ်ကိုင်ခွင့်အား အလုပ်သမားများ၏ သဘောတူညီချက်ရယူ၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့ ခွင့်ပြုချက်တောင်းခံလုပ်ကိုင်ကြောင်း၊

(ဂ)    အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ခွဲခြားဆက်ဆံခြင်း၊ ချုပ်လုပ်ရန် အထည်မပေးခြင်း၊ လိုင်း၏နောက်ဆုံးတွင် အလုပ်လုပ်စေခြင်း များ မရှိကြောင်း၊ ရက်ပျက်များသောအလုပ်သမားများကိုသာ Point များ ရွေးချယ်ပေးကြောင်း၊ ခွင့်ရက်(၃)ရက်နှင့်အထက် အလုပ်ပျက်မှသာလျှင် ရက်မှန်ကြေး ဖြတ်တောက်ကြောင်း၊

(ဃ)   ၂၀၂၃ ခုနှစ်၊ မေလအတွင်းနှင့် မေလ နောက်ပိုင်းအလုပ်ခန့်အပ်သည့်အလုပ် သမားများအား အထည်စံချိန် ၅၅ % ရရှိပါက ရက်မှန်ကြေးနှုန်းထား ကျပ် ၄၀,၀၀၀ ပေးပြီး (၁) ရက်ပျက်လျှင် ရက်မှန်ကြေး ၂၅ % ဖြတ်တောက်မည်ကို  အလုပ်သမားများမှသဘောတူ၍ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်လျက်ရှိပြီး မေလမတိုင်မီ အလုပ်ဝင်ရောက်သည့်အလုပ် သမားများအား ရက်မှန်ကြေးနှုန်းထားအသစ်ခံစားစေရန် သဘောတူလက်မှတ် အတင်းအကြပ်ရေးထိုးခိုင်းခြင်းမရှိကြောင်းနှင့် ဥပဒေပါခွင့်ရက်များခံစားခွင့် ပေးထားကြောင်း။

Amava Apparel အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်းဖော်ပြထားမှုများ အပေါ် အလုပ်ရှင်နှင့်အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း နှင့် အလုပ်ရှင်၊ အလုပ်သမားများအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အလုပ်သမားဥပဒေများဆိုင်ရာအသိပညာပေးဆွေးနွေးခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန