အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

အောက်တိုဘာ ၂၉။

(၂၇)ကြိမ်‌မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အလုပ် သမားနှင့် အလုပ်အကိုင်ဆိုင်ရာဌာနမှ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ (၂၉)ရက်နေ့ အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

(၂၇) ကြိမ်‌မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးကို “Together as One: Reshaping the World of Work the ASEAN Way Towards Digitalized, Inclusive and Sustainable Recovery and Growth” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများနှင့် အာဆီယံ +၃ နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ/ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းဆွေးနွေးရာတွင် မကြာသေးမီနှစ်များက အလုပ်လောက၏ ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝန်းရှိလူတို့၏ ဘဝနှင့်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေခဲ့ပါကြောင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုသည် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ၏ လိုအပ် ချက်များနှင့်ကိုက်ညီမှုမရှိသည့် နည်းပညာဆန်းသစ်တီထွင်မှုများသည် အလုပ်သမားများ၏ အလုပ် အကိုင်များအပေါ်  သက်ရောက်မှုများရှိနေပါကြောင်း၊ နည်းပညာကို တိုးမြှင့်တည်ထောင်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် အာဆီယံရှိ အလုပ်သမားသည် လာမည့်ဆယ်စုနှစ်ကျော်တွင် အကျိုး ဖြစ်ထွန်းစွာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ကျွမ်းကျင်မှုများကို အလိုက်သင့်ပြုပြင်ရန်နှင့် အလုပ် အကိုင်အသစ်များဖန်တီးရန် လိုအပ်ပါကြောင်း၊

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်ခွင်များ ရုတ်တရက်ပိတ်ခြင်း၊ ကန့်သတ်ချက်မူဝါဒများ ပြောင်းလဲခြင်း၊ လုပ်အားခလျှော့ချခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများ ဖြစ်လာခြင်းကြောင့် ဒေသတွင်းအလုပ်အကိုင်များကို အရေးတကြီး ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ဒေသတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေ လျော့ကျလာသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြောင့် အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အလုပ်အကိုင်လုံခြုံရေးနှင့် တည်ငြိမ်မှုအပေါ် ကြီးမားသောစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေကြောင်း အလုပ်သမားများ၏ ကျွမ်းကျင်မှုများကို အဆက်မပြတ် အဆင့်မြှင့်တင်ရန် အရေးကြီးပါကြောင်း၊

ဒီဂျစ်တယ်စီးပွားရေး၏ အလုပ်အကိုင်လိုအပ်ချက်များအတွက် ကျွမ်းကျင်မှုအသစ်များ သင်ယူရန် လုံလောက်သည့် အခွင့်အလမ်းများသေချာစေရန်နှင့် အလုပ်သမားများအားလုံး လုံခြုံပြီး ကျန်းမာသည့် အလုပ်ဝန်းကျင်ကို အာမခံချက်ပေးရန်လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံများရှိ လူမှုရေး လုပ်ဖော်ကိုင်ဖက်များကြား လူမှုရေးအပြန်အလှန်ဆွေးနွေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုသည် ကိုဗစ်-၁၉ နောက်ပိုင်းပုံမှန်အသစ်နှင့် လိုက်လျောညီထွေဖြစ်စေကြောင်း၊ အာဆီယံဒေသတွင်းရှိ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၏ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့်  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် အာဆီယံမဏ္ဍိုင်သုံးရပ်အောက်တွင်  အာဆီယံအသိုက်အဝန်း၏ အနှစ် သာရကို အတူတကွ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် “အာဆီယံတိုးတက်မှုနှင့် လိုက်လျောညီထွေ ဖြစ်သော အလုပ်အကိုင်သစ်များကို ဒီဂျစ်တယ်အသုံးပြုသောစနစ်ဖြင့် အားလုံးပါဝင်ပြီး ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆီသို့ပြန်လည်ပုံဖော်နိုင်မည်” ဟုယုံကြည်ပါ ကြောင်း၊ အနာဂတ်တွင် အာဆီယံကိုစဉ်းစားသည့်အခါ “တစ်ညီတစ်ညွတ်တည်း” ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။  (၂၇)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်နှင့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်များ အား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်