အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊မတ် လ ၁၀ ရက်

လတ်တလောဖြစ်ပေါ်နေသော COVID-19 ရိုက်ခတ်မှုကြောင့် စက်ရုံ/အလုပ်ရုံ များတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲပြဿနာများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ၁၀-၃-၂၀၂၀ ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေ မှ တက်ရောက်၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးမှအမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အစည်းအဝေးမှာ 2019 Novel Corona virus (2019-nCoV)ရောဂါကူးစက်ပြန့်ပွားမှုနှင့်သတင်းနှင့်ပတ်သက်၍ စက်ရုံ၊အလုပ်ရုံများ တွင်ဖြစ်ပေါ်နေသည့် အခက်အခဲပြဿနာများနှင့်ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် COVID-19  စတင်ဖြစ်ပွားနေသည့်အချိန်မှစ၍ အလုပ်ရှင်နှင့်အလုပ်သမားများ အပေါ် သက်ရောက်နိုင်သည့် အခြေအနေများအကို မျက်ခြေမပျက် စောင့်ကြည့်နေမှုအခြေအနေများ၊ အခြားသောနိုင်ငံများရဲ့ဖြစ်ပေါ်နေမှုများကိုလေ့လာ၍ ဖြစ်ပေါ်လာနိုင်သည့် အလုပ်ရှင်/အလုပ် သမားနှင့် ဝန်ကြီးဌာနမှဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် မတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် UMFCCI ဥကဌနှင့်အဖွဲ့ဝင်များပါဝင်သော သက်ဆိုင်ရာဌာနများမှ အကြီးအကဲများတွေ့ဆုံ၍ COVID-19 သက်ရောဂါကြောင့် အလုပ်ရှင်များ၊ အလုပ်သမားများအပေါ်တွင် သက်ရောက်နေမှု များ နောက်ထပ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများ နှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့်အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မည့် အနေအထားများကို အဆိုပါ အစည်းအဝေးတွင် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သူများကို ရှင်းလင်းတင်ပြခဲ့ ပါကြောင်း။ အလားတူ မတ်လ ၅ရက်နေ့တွင် ရန်ကုန်မြို့ ၌ကျင်းပသည့် UMFCCI မှ တာဝန်ရှိ သူများ၊အလုပ်ရှင်များ၊အလုပ်သမား အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အစည်းအဝေး၌လည်းအလုပ်သမားများစိုးရိမ်ပူပန်မှုများ၊အလုပ်ရှင်များ၏တောင်းဆိုမှု များ၊အလုပ်သမားများ၏တောင်းဆိုမှုများအား ဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီအပြည့်အဝ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖြေလျော့ပေးနိုင်သည်များကို နားလည်စာနာမှု ဖြင့်ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မတ်လ ၆ ရက်နေ့၌ လူမှုဖူလုံ ရေးအဖွဲ့တွင် COVID – 19 နှင့်ပတ်သက်သည့်ညှိနှိုင်းဆွေးနွေးပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်သတိပေးနိုးဆော်ချက်များအားလိုက်နာဆောင်ရွက်ရန် အချက်များနှင့် အညီအလုပ်သမားများ ၊အလုပ်ရှင်များအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ ရောဂါကာကွယ်ရေး နည်းလမ်းများအား လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်မှာကြားခဲ့ပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ လူမှုဖူလုံရေးဆေးရုံများ၊ဆေးခန်းများ၌ လိုအပ်သည့် ပစ္စည်းများထောက်ပံ့ ကူညီပေးရေးကိစ္စများ အသိပညာပေးရေး ကိစ္စရပ်များအား ဆွေးနွေးပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားများအနေဖြင့်စက်ရုံများပိတ်သိမ်းမည်ကို စိုးရိမ်ကြောင်း နှင့်ပိတ်သည့် အခါတွင်လည်း COVID – 19 ကြောင့် မဟုတ်ဘဲနှင့် အဆိုပါရောဂါကို အကြောင်းပြပီး ပိတ်ခြင်း ဖြစ်မည်ကိုစိုးရိမ်ပါကြောင်းနှင့် ပိတ်သိမ်းသည့်အခါတွင် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ပိတ်သိမ်းသွား မည်ကိုစိုးရိမ်ကြောင်း၊ ပိတ်သိမ်းရသည့်အခါတွင်လည်း ၎င်းတို့၏ ရသင့်ရထိုက်သည့် အခွင်အရေး များ ကိုရစေခြင်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ၎င်းတို့အား အလုပ်ပြန်လည်ခန့် ထားစေ လိုကြောင်းစသည့် တောင်းဆိုမှုများရှိကြောင်း၊ အဆိုပါစိုးရိမ်ပူပန်မှုများကိုလည်း ဝန်ကြီးဌာန အနေဖြင့်တည်ဆဲဥပဒေများနှင့်အညီ တိကျစွာဆောင်ရွက်သွားမည်ဖြစ်ပြီး စာရင်းဇယားကောက် ယူခြင်း အပါအဝင် အသိပေးသင့်သည်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း၊ထို့အပြင် လုပ်ဆောင်မှုအားလုံးကိုလည်း အလုပ်ရှင်များ၊အလုပ်သမားများ တို့နှင့်တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် COVID- 19 စတင်ဖြစ်ပွားသည့်အခါမှစ၍ အလေးအနက်ထားဆောင်ရွက်နေမှု လက်ရှိအချိန် အထိဆောင်ရွက်ခဲ့မှုများရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဌာနအားလုံးမှ အချိန်နှင့် တစ်ပြေညီ သတင်းရယူ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်UMFCCI တို့တွင် ဆွေးနွေးခဲ့မှုများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် နှင့်ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများမှ စက်ရုံ၊အလုပ်ရုံ များတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်များကိုဖြည့်စွက်မှာကြားခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။