အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ၂၃-၂-၂၀၂၀ရက်နေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်နှင့်ကျောင်းတာဝန်ခံများမှ သင်တန်းကျောင်း၏ နောက်ခံသမိုင်း၊ ဖွင့်လှစ်ပို့ချ သည့် သင်တန်းများ၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအ ဖွဲ့ NSSA ၏ သတ်မှတ်ချက်နှင့်အညီ Assessment စစ်ဆေးမှုများနှင့် ကျောင်းတွင်း အဆောက် အဦများ မွမ်းမံပြင်ဆင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး JICA မှ Mr. Yamada Ryo က အစည်း အဝေးခန်းမအသစ်ဖွဲ့စည်းပြင်ဆင်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်နိုင်ရန် ဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီး ဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ ကျွမ်းကျင် ပညာရှင်များဖြင့် Public၊ Private၊ Partnership ဆောင်ရွက်မှုသည် ထိရောက်မှုရှိကြောင်း၊ ယနေ့ထိ အလုပ်အကိုင် (၂၅) မျိုး အတွက် ကျွမ်းကျင် လုပ်သား (၁၅၀၅၉) ဦး ကို အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင် ခဲ့ကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသည် JICA၊  KND တို့နှင့် ပူးပေါင်း၍ဆောက်လုပ်ရေး အလုပ် အကိုင်အတွက်ပါ လေ့ကျင့်သင်ကြားပေးနေကြောင်း၊ လျှပ်စစ်၊ အဲယားကွန်း၊ ဂဟေဆက် လုပ်ငန်း စစ်ဆေးအကဲဖြတ်မှု များသည် ကျွမ်းကျင်လုပ်သားများအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများဖွံ့ဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက်လျှက်ရှိရာ ဝန်ကြီးဌာန အောက်ရှိ သင်တန်းကျောင်း (၇) ကျောင်းအနက် ရန်ကင်း သင်တန်းကျောင်းသည် စံပြဖြစ်ရန်လိုကြောင်း၊ သက်မွေးပညာလုပ်ငန်းများနှင့် ပတ်သက်၍ နယ်ပယ်ဇုန်တွင် ဈေးကွက်နှင့်ကိုက်ညီသောသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်လိုကြောင်း၊ နည်းပြ များအနေဖြင့် စဉ်ဆက်မပြတ် မိမိအရည်အချင်းမြှင့်မားစေ ရေးလေ့လာသင်ယူရန်လိုကြောင်း၊ သင်တန်းကျောင်း အဆောက်အဦး တိုးချဲ့ရေးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးနှစ်အလိုက် ဘတ်ဂျတ်လျာထားဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန် မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်း၌အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် အအေးပေး လုပ်ငန်းနှင့် လေအေးပေး စက်တပ်ဆင်မှုပြိုင်ပွဲဝင်ရန် လေ့ကျင့်နေသည့် လူငယ်များနှင့် လေအေး ပေးစက်တပ်ဆင်မှု အဆင့် ၁ စစ်ဆေးအကဲ ဖြတ်နေမှုကို ဝင်ရောက်အားပေး၍ JICA ၏ ပံ့ပိုး ကူညီမှုဖြင့် အစည်းအဝေးခန်းမနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး စင်တာပြင်ဆင်နေမှုကိုကြည့်ရှု ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရန် ကြပ်မတ်ဆောင်ရွက်ရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။