အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်၊ဇန်နဝါရီ၂၆ရက်

၁။      မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ပိတ်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ NSSA၏ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များ၊ ဒိုင်များ၊ မော်တော်ကားကုမ္ပဏီများ၊ လေအေးပေးစက်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် နှင့် ဆက်စပ် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ Fancy House ဆံပင်အလှပြင် သင်တန်းကျောင်း၊ GIZ ၊ Swissscontact ၊ Lux Dexနှင့်ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ပြိုင်ပွဲတွင် ဆုရရှိ ကြသည့်ထူးချွန်လူငယ်များအပါအဝင်စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

၂။       အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် မြန်မာကျွမ်းကျင်မှု ပြိုင်ပွဲ (၂၀၂၀)သည်စင်ကာပူနိုင်ငံတွင်ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ အတွက် ဝင်ရောက်ယှဉ်ပြိုင် မည့် Automobile Technology၊ Refrigeration and Air-Condition၊ Electrical Installation၊ Restaurant Service၊ Cooking အလုပ်အကိုင်များ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်မည့်အရည်အသွေးရှိသည့် ထူးချွန်လူငယ်များအားစခန်းသွင်း လေ့ကျင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် အလုပ်အကိုင်အလိုက် ပထမနှင့်ဒုတိယဆုရရှိသူများရွေးချယ် ခဲ့ပြီးဖြစ်ကြောင်း၊ထို့ကြောင့်နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ကြမည့်လူငယ်များအားဒေသတွင်း နိုင်ငံများနှင့်တန်းတူယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များရရှိစေရေး သက်ဆိုင်ရာအလုပ် အကိုင်အလိုက် ဆက်လက်လေ့ကျင့်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

၃။      ယနေ့ခေတ်တွင် “ကျွမ်းကျင်လုပ်သား” ဆိုသည့်စကားရပ်ကိုဒေသတွင်းမှာဖြစ်စေ၊ ကမ္ဘာ မှာပါ အလေးထားပြောဆိုလာကြပြီး နိုင်ငံတိုင်းတွင်ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကိုဖြည့်ဆည်း ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သည် စဉ်ဆက်မပြတ် လျှောက်လှမ်းရမည့် ခရီးရှည်ကြီးဖြစ်သည့်အတွက် လုပ်ငန်းစဉ်မှာ ပါဝင်ကြသည့် Stakeholder များအားလုံး စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ဖို့လိုကြောင်း၊ လုပ်ငန်းခွင်အေးချမ်း သာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်မှုမှတဆင့် လုပ်သားများ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာ များခံစားရရှိပြီး မြန်မာပြည်သူပြည်သားများ လူနေမှုအဆင့်အတန်းမြင့်မားလာရေး လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ကဦးဆောင်ပြီး ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများ၊နယ်ပယ် အလိုက် ပုဂ္ဂလိကကဏ္ဍရှိကျွမ်းကျင်သူများနဲ့ပူးပေါင်းပြီး Public Private Partnership (PPP) ပုံစံ ဖြင့်ဆောင်ရွက်လျက် ရှိကြောင်းပြောကြားခဲ့ပါသည်။

၄။      မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ပိတ်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများမှ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကြေးအင်အား၊ နည်းပညာအင်အားဖြင့် အကူအညီပေးခဲ့ကြသည့် Myanmar Motor Corporation Public Co., Ltd ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များ၊ Pyae Soan Win Naing Distribution Co., Ltd (PSWN) ၊ Zaya & Associate Group Co., Ltd နှင့် ဆက်စပ် လုပ်ငန်းရှင်များ၊ Luxembourg Development Cooperation Agency (LuxDev)၊ Swisscontact ၊ ဂျာမန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)၊အဖွဲ့အစည်းများ၊ကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်း ရှင်များနှင့် အသင်းအဖွဲ့များနှင့်လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များကိုဂုဏ်ပြုလွှာပေးအပ်ခြင်း၊ Automobile Technology၊ Refrigeration and Air-Condition၊ Electrical Installation၊ Restaurant Service၊ Cooking အလုပ်အကိုင်အလိုက်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းများ ပြုလုပ် ခဲ့ကြောင်းသတင်းရရှိပါသည်။