အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                  ဇန်နဝါရီ  ၂

          (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် လိုအပ်သောဆေးဝါး ကုသမှု များ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့မှုများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုအားပေးခဲ့သည်။

          လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အကျုံးဝင်အာမခံအလုပ်သမား ၁.၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှု ဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀) ခန်း၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/ သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်း တို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေး လျက်ရှိသည်။  

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် ရည်မှန်းချက် ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား နှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး မောင်းနှင် ပေးနေသည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များ ရရှိခံစားနိုင်စေရန်၊ လက်ရှိတွင် အာမခံစနစ် (၆)မျိုးအနက် (၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅)မျိုး ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိကြောင်း၊ လစဉ်ထည့်ဝင် ကြေးကို လုပ်ခလစာ တစ်လလျှင် (၁)သိန်းရရှိသည့် အာမခံအလုပ်သမား တစ်ဦးအနေဖြင့် အလုပ်သမားထည့်ဝင်ကြေး  ၂ % အတွက် ၂,၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ %  အတွက် ၃,၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၅,၀၀၀ ကျပ် ပေးသွင်းရပြီး အများဆုံးလုပ်ခလစာ (၃)သိန်း အထိ သတ်မှတ်ထားပြီး အလုပ်သမားထည့်ဝင်ကြေး ၂ % အတွက် ၆,၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ % အတွက် ၉,၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၁၅,၀၀၀ ကျပ် ပေးသွင်းရကြောင်း၊ လစဉ် ထည့်ဝင်ကြေးပေါ်မူတည်၍  မကျန်းမာမှုအကျိုးခံစားခွင့်၊  မီးဖွားမှုအကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့်  ယာယီမသန်မစွမ်းဖြစ်မှု  အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်မစွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင်ထိခိုက်မှုကြောင့်  သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် စသည်တို့ကို ခံစားရရှိနိုင်ပါသည်။

          (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ဝန်ကြီးဌာန များသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခြင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရှိ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေး ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။