အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                       ဇန်နဝါရီ   ၃  

          (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည့် အခမ်းအနားကို ယနေ့နေ့လယ် ၁:၀၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊       ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင်ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဝန်ကြီး ဌာန ကိုယ်စားပြုစစ်ကြောင်းနှင့် အခြားအခန်းကဏ္ဍများတွင် အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ကိုယ်စား၊ ဝန်ကြီးဌာနကိုယ်စားအနေဖြင့် ဂုဏ်ပြုသည့် အနေဖြင့် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊

စိန်ရတုလွတ်လပ်ရေးနေ့တွင် ဝန်ကြီးဌာနမှ အထိမ်းအမှတ်ပြခန်းခင်းကျင်းပြသခြင်း၊ ဂုဏ်ပြုယာဉ်တည်ဆောက်ခြင်း၊ Video Clip ၊ သရုပ်ဖော်တင်ဆက်မှုနှင့် ထိုင်ကြည့်စစ်ကြောင်း ၊ စစ်ရေးပြစစ်ကြောင်းတို့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ရာ အောင်မြင်စွာအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ ဦးစီးပြီး ညွှန်ကြားရေးမှူးချုပ်များ ဖြင့် ကော်မတီများဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် စစ်ရေးပြလေ့ကျင့်သည့်ဝန်ထမ်းများ လေ့ကျင့်စဉ်နှင့် အခမ်းအနား ကျင်းပမည့်နေ့ရက်များတွင် ကျန်းမာစွာ လေ့ကျင့်ဆောင်ရွက်နိုင်ရန် ကြက်ဥပြုတ်၊ ပေါင်မုန့်၊ သောက်ရေသန့်၊ အချိုရည်၊ Royal-D ဓါတ်ဆားရည် စသည့် အားဖြည့်အစားအစာများကို စီစဉ် ဆောင်ရွက်ပေးစေခဲ့ပြီး လေ့ကျင့်သည့်နေ့ရက်များကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထား ကြောင်း၊

          ထို့အပြင် ချီတက်စစ်ကြောင်းတွင်ပါဝင်သည့် ဝန်ထမ်းများ၊ အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသရာတွင်ပါဝင်သည့်ဝန်ထမ်းများ၊ တေးသရုပ်ဖော်ကပြဖျော်ဖြေရာတွင် ပါဝင်သည့် ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်တွင် ပါဝင်မည့် ဝန်ထမ်းများအား တူညီဝတ်စုံ ထောက်ပံ့ခြင်းနှင့် စားသောက်စရိတ်ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့အခမ်းအနားကို စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေးအပါအဝင်  အမျိုးသားရေးဦးတည်ချက် (၅)ရပ် ချမှတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ကြုံတောင့်ကြုံခဲ ဆင်နွှဲရသည့် အခမ်းအနားကြီးဖြစ်သည်နှင့်အညီ ပါဝင်ဆောင်ရွက်ကြရမည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးသည် ယင်းအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခွင့်ရသည့် ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံသမိုင်းမှာ လွန်စွာထူးခြားလေးနက်တဲ့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့ ဂုဏ်ပြုအခမ်းအနားကြီးတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်းများ အားလုံးကို ဝန်ကြီးဌာနကိုယ်စား ပြည်ထောင်စုဝန်ကြီးအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် စိတ်သစ် ကိုယ်သစ်ဖြင့် ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်တိုးတက်အောင် ပိုမိုကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင်ပါဝင် ဆောင်ရွက်မည့် ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်နှင့် ဂုဏ်ပြုထောက်ပံ့ငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိန်ရတု လွတ်လပ်ရေးနေ့တွင် ပါဝင်တင်ဆက်မည့် တေးသရုပ်ဖော်တင်ဆက်မှုအတိုင်း ကပြဖျော်ဖြေပြီး နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများအား လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။