နေပြည်တော် မတ် ၇ ရက်
၇-၃-၂၀၂၄ ရက်နေ့၊ (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက် (ASEAN-OSHNET) ဆု ချီးမြှင့်ရခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ASEAN-OSHNET ဆုများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရေး ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်နှင့် အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက မေးမြန်းဆွေးနွေး အကြံပြုခဲ့ပါသည်။
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၄ ခုနှစ် တွင် ASEAN-OSHNET ဆုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ ASEAN-OSHNET ထူးခြားစွမ်းဆောင်ဆုအတွက်(၁၁) ရုံ၊ ASEAN-OSHNET ကောင်းမွန် သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆုအတွက် (၉) ရုံ၊ စုစုပေါင်း (၂၀) ရုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံများအား ASEAN-OSHNET က သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ အကဲဖြတ်ရွေးချယ်နိုင်ရေး တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ASEAN-OSHNET အဖွဲ့ကို အာဆီယံဒေသတွင်း (၁၀) နိုင်ငံတို့က ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုး ဖွဲ့စည်း၍ အာဆီယံ ဒေသတွင်းလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ASEAN-OSHNET အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အလေးထား၍ ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား အားပေး ချီးမြှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ASEAN-OSHNET Excellence ဆုနှင့် ASEAN-OSHNET Best Practices ဆုများကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင်တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်ထိ ဆုချီးမြှင့်ပွဲ (၄) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင် များအနေဖြင့် (၄) ကြိမ်လုံးတွင် ဆုများရရှိခဲ့၍ ၂၀၂၄ ခုနှစ်တွင် (၅) ကြိမ်မြောက် ASEAN-OSHNET ဆု ချီးမြှင့်ပွဲအခမ်းအနားကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များ၏ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များသည် ဒေသတွင်း ယှဉ်ပြိုင် နိုင်စွမ်းရှိကြောင်း ပြသနိုင်သည့်အပြင် အလုပ်သမား များအတွက် ကောင်းမွန်သောလုပ်ငန်းခွင် ဖန်တီးပေးနိုင်သော ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံရသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူဖြစ်စေခြင်း၊ အာဆီယံဒေသတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ကောင်းမွန်စွာအကောင်ထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သိရှိ နိုင်ပြီး လက်တွေ့ကျင့်သုံးဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်းပြီး ကုန်ထုတ် စွမ်းအားတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင်သည့် စက်ရုံများအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပဏာမအဆင့် ရွေးချယ်ခြင်းနှင့် ASEAN-OSHNET မှ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ မြန်မာနိုင်ငံကိုယ်စားပြု ဆုရရှိ သည့် စက်ရုံများအား ရွေးချယ်သွားမည်ဖြစ်သည်။