အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့ ၂၈-၁၁-၂၀၂၄

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel Hotel တွင် ကျင်းပသည့် အလုပ်သမား ဝန်ကြီးဌာနှင့် IOM တို့ ပူးပေါင်းကျင်းပသော ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ် အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉)ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လုပ်သားစုဆောင်း စေလွှတ်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏ အချက်အလက်များ စနစ်တကျ ပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ IRIS အလုပ်ရုံဆွေးနွေးပွဲသည် အေဂျင်စီများအတွက် ဂုဏ်သိက္ခာရှိသည့် လုပ်သားစုဆောင်းမှု၊ လုပ်ထုံးလုပ်နည်း၊ လုပ်သားများ ၏ နစ်နာမှုနှင့် အခက်အခဲများအတွက် တိုင်ကြားမှုယန္တရား၊ IRIS ၏ စီမံခန့်ခွဲမှုဖွဲ့စည်းပုံ မူဘောင်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲအခမ်းအနား (၁၈) ကြိမ် မြောက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ကိုယ်စားလှယ် ၅၅၂ ဦး တက်ရောက်ခဲ့ကြပြီး ဖြစ်ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI တွင် ကျင်းပသည့် (၅) ကြိမ်မြောက်  အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကွန်ရက်ဆု(ASEAN-OSHNET Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ ဆက်လက် တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုရွေးချယ်ရေးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံများမှ ကိုယ်စားလှယ်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

           ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားရာတွင်  အခမ်းအနားကို (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ ကြသည့် ကုမ္ပဏီများနှင့် ဆုရွေးချယ်ရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဆုရွေးချယ်ရေးကော်မတီဝင်များအား အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ကျွမ်းကျင်သည့် လုပ်သားထုဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်စေရေးစသည့် အလုပ်သမားရေးရာကိစ္စရပ်များအား တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပွားပါက ကျွမ်းကျင်လုပ်သား ဆုံးရှုံးရခြင်း၊ ကုန်ထုတ်စွမ်းအား ထိခိုက်ခြင်းစသည်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအလိုက်ယှဉ်ပြိုင်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဆုများ ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်အထိ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၅) ရုံ၊ Best Practices ဆုအတွက် စက်ရုံ (၅) ရုံ၊ စုစုပေါင်း စက်ရုံ (၁၀) ရုံ ဆုချီးမြှင့်ပေးခဲ့ပြီး အာဆီယံ ဒေသတွင်း အဆင့် ယှဉ်ပြိုင်နိုင်စွမ်းပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုရရှိသည့် စက်ရုံများအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများ ကြောင့်  ဖြစ်ပေါ်လာသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် နည်းပညာများအသုံးပြု ဆောင်ရွက်နေမှု အခြေအနေများကို မျက်ခြေမပြတ်လေ့လာ၍ မိမိတို့၏ အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ (၁၀) ရုံ နှင့် Best Practices ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၆) ရုံ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက (၅)ကြိမ်မြောက် ASEAN-OSHNET ဆုရွေးချယ်ရေး ကော်မတီဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆု နှင့် Best Practices ဆုရရှိခဲ့သည့် စက်ရုံများက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ချက်မှတ်တမ်း video များအား ပြသခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာမြို့နယ် အနောက်ပိုင်းခရိုင်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အနောက်ပိုင်းခရိုင်ရုံး၊ လူမှုဖူလုံရေးအဖွဲ့ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရုံး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး၊ အလုပ် သမားဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံးတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား ရုံးတွင်းရုံးပြင် သန့်ရှင်းသာယာရေးနှင့် လုံခြုံရေးသတိပြုကြရန်၊ ဝန်ထမ်းအချင်းချင်း စည်လုံးညီညွတ်စွာ တာဝန်ထမ်းဆောင်ကြရန်၊ မိသားစုစိတ်ဓါတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း (NOSHC) သို့ သွားရောက်ပြီး သင်တန်း ခန်းမများ၊ သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းကျောင်း ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ် များကို သင်ကြားပို့ချပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွက် လိုအပ်သော လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းများ ပံ့ပိုးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေး အဖွဲ့ တိုင်းရင်းဆေးကုခန်း၊ လူမှုဖူလုံရေးအဖွဲ့ ကဲဝဲလ်ဆေးခန်းတို့၏ ဆေးကုသဆောင်ရွက်နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၊ မြောက်ပိုင်းခရိုင် လူမှုဖူလုံရေးအဖွဲ့ရုံး၊ လှိုင်သာယာ(အရှ့ပိုင်း)မြို့နယ် အလုပ်သမားဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံးနှင့် လှိုင်သာယာ (အရှ့ပိုင်း)မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။