အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                       မတ် ၁၂

          (၅) ကြိမ် မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေးကော်မတီဝင် များ တက်ရောက်ကြသည်။

          ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ASEAN-OSHNET ၏ သတ်မှတ်ချက်အရ ဆုရွေးချယ်ရေး လုပ်ငန်းစဉ်များ တွင်ပါဝင်သည့် ပဏာမအဆင့် အကဲဖြတ်ခြင်းနှင့် ပဏာမအဆင့်အောင်မြင်သည့် စက်ရုံအရေ အတွက်ပေါ်မူတည်၍ ကွင်းဆင်းစစ်ဆေးရေး အစီအစဉ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ASEAN-OSHNET ဆုဝင်ရောက်ယှဉ်ပြိုင်သည့် စက်ရုံများမှ တင်ပြသောလျှောက်လွှာနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမှတ်တမ်းများအပေါ် စိစစ်တွေ့ရှိချက်များ အား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ဆုရွေးချယ်ရေးကော်မတီဝင်များမှ ဝိုင်းဝန်း ဆွေးနွေး၍ ပဏာမအဆင့်အောင်မြင်သည့် စက်ရုံများအား အတည်ပြုရွေးချယ်ခြင်း၊ ကွင်းဆင်း စစ်ဆေးမည့် လျာထားအစီအစဉ်အား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ပဏာမအဆင့် အောင်မြင်သည့် စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၄ ခုနှစ်၊ မတ်လကုန်တွင် အပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ပထမရက်သတ္တပတ် တွင် အပြီးသတ်ဆုရွေးချယ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကဲဖြတ်ရွေးချယ်ခြင်းများကို ASEAN-OSHNET မှ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ သေချာစွာ စိစစ်ဆောင်ရွက်သွားရန် အထူး တိုက်တွန်းပါကြောင်းပြောကြားသည်။

၂၀၂၄ ခုနှစ်အတွက် ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၁၁) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၉) ရုံ လျှောက်လွှာတင်သွင်းခဲ့ပြီး ပဏာမအဆင့် အောင်မြင်သည့် စက်ရုံများမှာ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၁၀) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၆) ရုံဖြစ်ကြောင်း၊ ၁၈-၃-၂၀၂၄ ရက်နေ့မှစ၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရန် လျာထားကြောင်း၊ ASEAN-OSHNET ဆုရွေးချယ်ခြင်း များကို ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် (၈) ရုံ၊ ၂၀၁၈ ခုနှစ်တွင် (၁၃) ရုံ၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၄) ရုံနှင့် ၂၀၂၂ ခုနှစ်တွင် (၇) ရုံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စက်ရုံ (၂၀) ရုံ အထိ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သတင်းရရှိသည်။