အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

          အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်တစ်ရပ်ဖြစ်သည့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်း စေရေးတို့အတွက် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် အကျုံးဝင်သည့် လုပ်ငန်းများတွင် တည်ဆဲ ဥပဒေများနှင့်အညီ စစ်ဆေးစည်းကြပ်လျက်ရှိပါသည်။

ဘေးအန္တရာယ်ကင်းသည့် လုပ်ငန်းခွင်များ ဖြစ်စေရေး ပုံမှန်စစ်ဆေးစည်းကြပ်ပေး

          စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား လစဉ်စစ်‌ဆေးစည်းကြပ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကောင်းမွန်သည့် လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖြစ်စေရေးအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း (Working Environment Measurement)ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုတို့ တွင် လစဉ် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိရာ ယခုကာလအတွင်း စက်ရုံ၊ အလုပ်ရုံ (၁၀) ရုံ တွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေး

သင်ထောက်ကူပြုမော်တော်ယာဉ် (Mobile Training Bus) များ အသုံးပြု၍ လုပ်ငန်းခွင် အရောက် အသိပညာပေးဆွေးနွေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် (၂) ကြိမ် ဆောင်ရွက်ခဲ့ ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းတွင် သင်တန်း အမှတ်စဉ် (၁၀/၂၀၂၆) ဖွင့်လှစ်၍ သင်တန်းသား (၄၀) ဦးအား သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါသည်။