နေပြည်တော် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conference စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစစ်ဆေးရေးအဖွဲ့ (International Association of Labour Inspection-IALI)၊ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန (MEM)၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာန(Ministry of Health, Labour and Welfare, Japan – MHLW) မှ ကိုယ်စားလှယ်များ၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအေဂျင်စီ (Korea Occupational Safety and Health Agency – KOSHA) မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၄၄) ဦး တက်ရောက်ကြ သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း က ယခုနှစ်တွင် ကျရောက်သည့် ၂၃ ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တတိယအကြိမ်မြောက် အလှည့်ကျ လက်ခံကျင်းပခွင့်ရကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးမှ ထွက်ပေါ် လာမည့် ရလဒ်ကောင်းများကြောင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ လုပ်သားထုကို ပိုမိုကောင်းမွန်သော လူနေမှုဘဝများရရှိစေရန်၊ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လိုအပ်သည့် နည်းဥပဒေများထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအရ စစ်ဆေး စည်းကြပ်နိုင်သည့် လုပ်ငန်းနယ်ပယ် ပိုမိုများပြားလာသည့်အတွက် လုပ်ငန်းနယ်ပယ်အသီးသီးမှ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ပိုမိုကာကွယ် စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း၊
အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်သည် ဒေသတွင်း ကုန်ထုတ်စွမ်းအားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးများတွင် လွန်စွာအရေးပါသည့်အတွက် မြန်မာ နိုင်ငံအနေနှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်၏ ရည်မှန်းချက်များ အောင်မြင်စေရန် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက် မှုများကြောင့် အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားပြီး အောင်မြင်မှုများရရှိသည်အထိ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
၂၃ ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။