အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                       ဇူလိုင်  ၁

          အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု/ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီးကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးသည် လူ့စွမ်းအားအရင်းအမြစ်များအပေါ်တွင် များစွာမူတည်နေပြီး အရည်အသွေး ပြည့်ဝ၍ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍ သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် ပညာတက် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမှသာ နိုင်ငံ၏အနာဂတ်သည် တောက်ပလာ မည်ဖြစ်ကြောင်း၊

“ပညာရွှေအိုးလူမခိုး”ဆိုတဲ့အတိုင်း ပညာသည် မည်သူမျှခိုးယူဖျက်ဆီး၍ မရသည့် ဘဝ တစ်သက်တာလုံးအတွက် စစ်မှန်သည့်ရတနာဖြစ်ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ဟူ၍ မူဝါဒချမှတ်၍ ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ပြီး ဘက်စုံထူးချွန်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးကို ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ထမ်းမိဘများအနေဖြင့် မိမိတို့၏မျိုးဆက်သစ်များကို ပညာရည်ပြည့်ဝပြီး ဘက်စုံ ထူးချွန်သည့် လူငယ်များဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်ပေးခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် မွေးထုတ်ပေးရေးနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုအောင်မြင်မှု ဖြင့် ကျေနပ်မနေဘဲ မိဘ၊ဆရာတို့၏ ဆုံးမအုပ်ထိန်းမှုအောက်တွင် စည်းကမ်းပြည့်ဝ၍ ပညာရည် မြင့်မားတိုးတက်ရေးကို အစဉ်တစိုက် ဆက်လက်ကြိုးပမ်းအားထုတ်သင်ယူကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများ အနက်မှ ထူးချွန်စွာအောင်မြင်ခဲ့သည့် (၆) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ ကျောင်းသား/သူများအား ဂုဏ်ပြုဆု/ ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယခုပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးများကို သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။