အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                 စက်တင်ဘာ ၅

          အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာ စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ဆိုသည့် အချက်ပါဝင်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် ကောင်းမွန်သည့် အထောက်အပံ့များရရှိနိုင်ရေးအတွက် အဆင့်မြင့်ပညာများ တတ်ကျွမ်း ပြီး အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာစေရေးကို အားပေး ဆောင်ရွက်လျက်ရှိပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်က အလေးပေးဆောင်ရွက်နေသည့် အချိန်အခါလည်း ဖြစ်ကြောင်း၊  

၎င်းအပြင် နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် အဆင့်မြင့်ပညာရပ်များကို သင်ယူခြင်းသည် ဘွဲ့အဆင့်အတန်းတစ်ခု ရရှိရန် အတွက်သာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး ဘက်စုံအသိဉာဏ် ကြွယ်ဝသည့် နိုင်ငံသားများ ပေါ်ပေါက်စေကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရပ်များကို နှံ့စပ်စွာတတ်မြောက်ထားသည့် ဘွဲ့ရ ပညာတတ်များစွာ ပေါ်ထွက်လာမှသာ နိုင်ငံအတွက် အကျိုးရှိ နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ခဲ့သဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး သူများအားလုံး အဆင့်မြင့် ပညာရေးကို မဖြစ်မနေပြီးမြောက်အောင် ဆက်လက်ကြိုးစားသင်ယူကြရန်နှင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် မျိုးဆက်သစ်လူငယ်များကို လူတော်လူကောင်းများ၊ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေး ကျောင်းသား၊ ကျောင်းသူ၊ မိဘနှင့် သက်ဆိုင်သူများအားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်း အားထုတ်ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအနက်မှ ထူးချွန်စွာအောင်မြင်ခဲ့သည့် (၄) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၃) ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄)ဦး တို့အား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။