အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                 ဩဂုတ် ၂၆

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်း တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်အားကစားရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားခဲ့သည်။

          အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အတူ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၄) ခုတို့မှ တာဝန်ထမ်းဆောင်နေသော အမျိုးသားလူငယ်ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ရှင်သန်ထက်မြက် လာစေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို မြှင့်မားလာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်ဖြစ် သော “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အချက်ကို အကောင် အထည်ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း၊

ဖူဆယ်အားကစားပြိုင်ပွဲသည် အသင်းအလိုက် ယှဉ်ပြိုင်ရသည့်အတွက် အချင်းချင်း (Team Spirit) ဆိုသည့် အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ တိုးမြှင့်လာစေမည်ဖြစ်ပါကြောင်း၊ အားကစားလေ့လာလိုက်စားခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းစေသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူပြုစေ သဖြင့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် စိတ်ကျရောဂါရနိုင်ခြေ ၃၀% အထိနည်းပါးသည်ဟု ဆေးပညာရှင်များက ပြောကြားထားမှုအား သိရှိရပါကြောင်းနှင့် အားကစားလုပ်ခြင်းဖြင့် မိမိတို့၏ လူနေမှုဘဝတွင် ကျန်းမာကြံ့ခိုင်၍ ကောင်းမွန်သည့်အကျိုးသက်ရောက်မှုများ ရရှိလာမည်ဖြစ်ပြီး စိတ်ဖိစီးမှုများလျော့နည်း၍ ပိုမိုပျော်ရွှင်လာစေမည်ဖြစ်ပါကြောင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊

ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ဝန်ထမ်း အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်ခြင်းသာအဓိက ဟူသည့် အားကစားစိတ်ဓာတ်ရှိရန်၊  စည်းကမ်းတကျ ပါဝင်ယှဉ်ပြိုင် ကြရန်နှင့် ဇွဲစိတ်ဓာတ်ကို အရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်၍ ကြိုစားယှဉ်ပြိုင်ကြရန်နှင့် ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ အား ပဥ္ဇမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲဝင် ဖူဆယ်အသင်း၌ ရွေးချယ်၍ ဝန်ကြီးဌာန ဂုဏ်ဆောင် အားကစားသမားများဖြစ်လာစေရေး ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများ အား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဉ်အဖြစ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခ)အသင်းနှင့် လူမှုဖူလုံရေးအဖွဲ့ (ခ) အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရှိရပါသည်။