အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                        ဇူလိုင် ၄

          အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက ချမှတ်ထား သည့် လူမှုရေးဦးတည်ချက်တွင် ပညာရေးကိုအခြေခံသည့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင် ရွက်ရေး ဟူသည့် အချက်များပါဝင်ကြောင်း၊ ပညာတတ်များ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄,၅၉၂ ဦး ရာခိုင်နှုန်းအနေဖြင့် ၅၇.၉၀% ရှိကြောင်းကို သိရှိရပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီး (၂၁)ဦး အောင်မြင် ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူး ရရှိသူ (၁)ဦး၊ (၂) ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၃)ဦး စုစုပေါင်း (၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း နှင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးအား လည်းကောင်း၊ ဒုတိယဝန်ကြီးက (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၂)ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦးအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်မှ (၁)ဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းသင်ခန်းစာများ အပြင် ပြင်ပစာပေ ဗဟုသုတများကို လေ့လာသိရှိထားရမည်ဖြစ်ကြောင်း၊ ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနှစ်ရက်၊ ပညာအသက် ဘဝတစ်သက်ဖြစ်ပြီး ပညာမရှိပါက ဘဝတစ်လျှောက်လုံး အခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ဖြစ်သည့်အတွက် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုပြီး အသိပညာ၊ အတတ်ပညာ ကြွယ်ဝ၍ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်အောင် ကြိုးစားကြရန်နှင့် မိမိအတွက်၊ မိမိ မိသားစုအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားတစ်ဦး၊ ပညာရှင်တစ်ဦးဖြစ်အောင် ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း၊ တိုက်တွန်း ပြောကြားခဲ့ပြီးနောက် ထူးချွန်စွာအောင်မြင့်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။