အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                               နိုဝင်ဘာ ၁၆

၂၀၂၃ ခုနှစ်၊ ရပ်ဝန်းနှင့်ပိုးလမ်းမဘေးအန္တရာယ် လျှော့ချရေးနှင့် အရေးပေါ် စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးများအဆင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်(The 2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management)အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင်၍ Online မှတစ်ဆင့် ၁၆-၁၁-၂၀၂၃ ရက်နေ့တွင်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

 အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၇၉)နိုင်ငံတို့မှ သဘာဝဘေး အန္တရာယ်လျော့ကျရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့ နှင့်သက်ဆိုင်သည့် တာဝန်ရှိဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် UN အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကိုယ်စား အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ “ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကြိုတင်ကာကွယ်ရေးသည်သာ ပထမ” ဆိုသည့်အတိုင်း လူမှုအသိုက်အဝန်း၏ ကောင်းကျိုး ချမ်းသာနှင့် လုံခြုံမှုရရှိစေရန် ကြိုတင်ဆောင်ရွက်မှုများအား မိမိတို့အနေဖြင့် အသိအမှတ်ပြု တက်ရောက်ခြင်းဖြစ်ကြောင်း။

          သဘာဝဘေးအန္တရာယ်များသည် မိမိတို့၏ လူမှုအသိုက်အဝန်းများအပေါ် သိသာထင်ရှား သည့် ခြိမ်းခြောက်မှုများအဖြစ် များပြားလှသော အသက်ဆုံးရှုံးမှုများ၊ အခြေခံအဆောက်အအုံများ ကို ပျက်စီးစေမှုများနှင့် လူမှုအသိုက်အဝန်းဖွဲ့စည်းပုံအား အနှောက်အယှက်ဖြစ်စေမှုတို့ကို ဖြစ်ပေါ် စေကြောင်း၊ မိမိတို့နိုင်ငံများ၏ လုပ်သားအင်အားကို ထိန်းသိမ်းစောင့်ရှောက်သူများအနေဖြင့် ဘေး အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးလုပ်ဆောင်ရန်၊ ကြိုတင်ကာကွယ်မှုများအား မြှင့်တင်ရန်နှင့် အရေးပေါ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ကို မြှင့်တင်ရန်မှာ မိမိတို့၏ ကျင့်ဝတ်တာဝန်တစ်ရပ် ဖြစ်ကြောင်း။

          ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိရောက်သောအရေးပေါ် စီမံခန့်ခွဲမှု၏ အဓိကအချက်ပင် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိက ကဏ္ဍများ၊ အလုပ်သမားအဖွဲ့အစည်းများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ဘက်ပေါင်းစုံအရေးပေါ် ကူညီကယ်ဆယ်ရေးစီမံချက် များ ရေးဆွဲခြင်းနှင့် အကောင်းဆုံးအလေ့အထများကို မျှဝေခြင်းများဖြင့် အထိရောက်ဆုံး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် အရေးကြီးကြောင်း။

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ အလုံးစုံချဉ်းကပ်မှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလုပ်ရှင်များ၊ အလုပ်သမားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူများ (stakeholders) အားလုံး နှင့် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံသွားမှာဖြစ်ပြီး ခိုင်မာသော ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ ကြုံတွေ့လာနိုင်မည့် အန္တရာယ်များလျော့ပါးစေရေး အဆင့်မြင့်နည်းပညာများကို လက်ခံကျင့်သုံးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း။

          “ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးသည်သာ ပထမ” ဆိုသည့် နိယာမ ကို လက်ကိုင်ထားခြင်းအားဖြင့် အနာဂတ်၏ စိန်ခေါ်မှုများကို ကောင်းမွန်စွာရင်ဆိုင်နိုင်သည့် ခံနိုင် ရည်ရှိသော အသိုက်အဝန်းများ တည်ဆောက်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ် စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေး၊ မိမိတို့နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များအား လုံခြုံ စိတ်ချစေရေးတို့အတွက် စုစည်းလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖိုရမ်အခမ်းအနားကို ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပထမကောင်စီ အစည်းအဝေး(First Council Meeting)ဟူ၍ အပိုင်း(၃)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံများအကြား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် သဘာဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန် အဟုန်မြှင့်တင်နိုင်မည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။