အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်
မေ ၁၃

           “၂၀၂၁-၂၀၂၂ Mini Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး” ကိုယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီဝင်များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ Assessment Center တာဝန်ခံများ၊ Chief Assessor/Assessor များ၊ Inspector များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ Online မှ တက်ရောက်သူများအပါအဝင် စုစုပေါင်း (၉၀) ဦးခန့် တက်ရောက် ကြသည်။
           အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဝန်ကြီး ချုပ်ထံမှ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံသည် အလုပ် လုပ်နိုင်သူဦးရေ ပေါများ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် လူ့စွမ်း အားအရင်းအမြစ် အခြေခံကောင်းများရှိသည့် နိုင်ငံဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သော အလုပ်သမားကြီးများ၏ အင်အား၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးသည်ဟု လမ်းညွှန်ခဲ့ကြောင်း။
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်ချက်များသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အဓိကကျသည့် လုပ်ငန်းဖြစ်၍ အကောင်အထည်ဖော် ဆောင်ရွက်သူအားလုံး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး ၂၀၂၁-၂၀၂၂ Mini Budget အတွင်း ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ခြင်းလုပ်ငန်း များကို ကိုဗစ်-၁၉ ကာလအတွင်း ကန့်သတ်ဆောင်ရွက်ခဲ့ရသဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် လျာထားချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရမည်ဖြစ်ကြောင်း။
NSSA မှ အသိအမှတ်ပြုထားသည့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များနှင့်အညီ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများဖြင့် လေ့ကျင့်သင်ကြားနေသည့် အစိုးရနှင့် ပုဂ္ဂလိက သက်မွေးပညာ သင်တန်းကျောင်းများမှ သင်တန်းဆင်းများကို ကျွမ်းကျင်မှုအဆင့်-၁ ဖြေဆိုခွင့် ပြုထားကြောင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီအနေဖြင့် သင်ရိုး ညွှန်းတမ်းမူဘောင်များ ရေးဆွဲအတည်ပြုနိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
 စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးချုပ်နှင့် စစ်ဆေးအကဲ ဖြတ်ရေးဌာနများအနေဖြင့် လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သား အများဆုံး လိုအပ် သည့် အလုပ်အကိုင်နှင့် လုပ်သားအများစု အသက်မွေးကြသည့် အလုပ်အကိုင်များကို ရွေးချယ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရန် လိုကြောင်း။  
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိက ဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း စက်မှုဇုန်များရှိ အထည်ချုပ် စက်ရုံများနှင့် အထည်ချုပ်လုပ်ငန်း စစ်ဆေးအကဲဖြတ်ရေးဌာန အရေအတွက်ကို နှိုင်းယှဉ်ကြည့် ပါက အချိုးမညီသဖြင့် စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးချုပ်များ ပိုမိုမွေးထုတ်၍ စစ်ဆေးအကဲဖြတ်ရေးဌာနများ တိုးချဲ့တည်ဆောက်‌ပေးပြီး အလုပ်ရှင်၊ အလုပ် သမားများမှ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း။
           အစည်းအဝေး တက်ရောက်လာသူများက ၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  အားနည်းချက်၊ အားသာချက် များကို ရှင်းလင်းဆွေးနွေးပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးခဲ့ပြီး ဒုတိယ ဝန်ကြီးက ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် အနည်းဆုံး ကုန်ကျစရိတ်ကို ကာလပေါက်ဈေး အမှန်ဖြင့် တွက်ချက်တင်ပြရန်လိုကြောင်း၊ အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ရေး ချီးမြှင့်ငွေများကို သတ်မှတ်နှုန်းအတိုင်း ပေးချေ ရန်လိုကြောင်း၊ Assessment Center များ သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန်နှင့် စစ်ဆေးမှုလုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
နေ့လည်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် ၁၆-၈-၂၀၁၃ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး၍ တည်ဆောက် ခဲ့သည့်  ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  CVT Myanmar သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းတာဝန်ခံ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာမှ CVT Myanmar သင်တန်းကျောင်း၏ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ် များ၊ သင်တန်းဆင်းများ၏ အလုပ်အကိုင်ရရှိမှု စစ်တမ်းကောက်ယူနေမှုများ၊  သင်တန်းကျောင်းမှ ဆရာ/ ဆရာမများအတွက် Occupational Safety & Health Online အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့မှု၊ သင်တန်းကျောင်း၏ သင်ထောက်ကူစက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက် မှုကို ရှင်းလင်းတင်ပြသည်။
 ဒုတိယဝန်ကြီးက MOU သက်တမ်းကာလအတွင်း MOU ၏ ရည်ရွယ်ချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေး မှာကြားပြီး သက်မွေးသင်တန်းကျောင်းကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။