အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့ ၊ ဖေဖော်ဝါရီ လ ၂၅ ရက်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ (၁၅) ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၂၅ ရက်နေ့ နေ့လည် ၁၄:၃၀နာရီ တွင် နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Greg Vines၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှကိုယ်စားလှယ်များ၊  အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ် များနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အမှာစကားပြောကြားရာ၌ ယခုကျင်းပသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့်အလုပ်သမားများ/အလုပ်သမားအဖွဲ့အစည်းများကြား နှစ်ဦး နှစ်ဖက် အပြန်အလှန် အသိအမှတ်ပြုလေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုရရှိပြီး လုပ်ငန်းခွင် အေးချမ်း သာယာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမား အားလုံးအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရာရောက်ပါကြောင်း။

ယနေ့ (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားနိုင် သည့် National Complaints Mechanism-NCM အကောင် အထည်ဖော်ဆောင်ရွက်မှု၊ TWG-LLR မှာ ဆွေးနွေးနေသည့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ (အဆိုပြုမူကြမ်း) တိုးတက်မှု တို့နှင့်ပတ်သက်၍ ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရပါကြောင်း။

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အမျိုးသား အဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM)အကောင်အထည်ဖော်မှု၊ အမျိုးသားကော်မတီဖွဲ့စည်း မှုတို့ကိုဆွေးနွေးခဲ့ရာတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ILO တို့၏ အကြံပြုချက် အရ အမျိုးသားကော်မတီတွင် အလုပ်ရှင်၊အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်း နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအခါတွင် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို စတင် လည်ပတ်ဆောင်ရွက်နေပြီဖြစ်ပြီး အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်း၍ မည်သူမဆို တိုင်ကြားနိုင်ကြောင်းကိုလည်း မီဒီယာများမှတဆင့် အများပြည်သူသို့ အသိပေးထုတ် လွှင့်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာမှာ ထိရောက်မှုရှိပြီး ပြည်သူက ယုံကြည်ရသည့် ယန္တရားဖြစ်ရန်နှင့် အောင် မြင်စွာဆောင်ရွက်နိုင်ရန် ILOနှင့်ပူးပေါင်း၍ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီဝင်များ အတွက် Orientation Section ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြုလုပ် ကျင်းပရန်ရှိပြီး NCM ကို တိုင်ကြားလာသည့် အဓမ္မခိုင်းစေမှုများကို လက်ခံဆောင်ရွက်မည့် သက်ဆိုင်ရာဌာနများက အရာထမ်း၊ အမှုထမ်းများကိုလည်း ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့ များတွင် ILO မှ သင်တန်းများ ပို့ချပေးခဲ့ပါကြောင်း။

အဓမ္မခိုင်းစေမှုတိုင်ကြားမှု ယန္တရားလည်ပတ် ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ဖို့ Moblie phone application နှင့် Data base ထူထောင်နိုင်ရန် အတွက်လည်း ILO က အမြန်ဆုံး ကူညီဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြန်လည်ရေးဆွဲရာတွင် အလုပ်သမားများ ၏ တောင်းဆိုချက်၊ အလုပ်ရှင်များ၏ လိုလားချက်များကို နိုင်ငံတော်၏ ပကတိအခြေအနေနှင့် လျော်ညီအောင် ရေးဆွဲနိုင်ရန်လိုအပ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် နိုင်ငံတော်၏ ပကတိအခြေအနေနှင့်ကိုက်ညီရန်လိုအပ်မည်ဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် 10th TWG-LLR နဲ့ 11th TWG-LLR မှာတော့ အချို့အချက်များကို သုံးပွင့်ဆိုင် အပြုသဘော ဆွေးနွေး သဘောတူညီချက် ရရှိခဲ့သည်ကိုသိရှိရ၍ ဝမ်းသာပါကြောင်း။ နောက်တစ်ကြိမ် ကျင်းပမည့် 12th TWG-LLR တွင်လည်း သုံးပွင့်ဆိုင် အပြုသဘောဆောင်သည့် သဘောတူညီချက်တွေ ရယူနိုင်မည် ဟုယုံကြည်ပါကြောင်း။

အလုပ်သမားအဖွဲ့ချုပ်များသည် မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကို ကိုယ်စားပြုပြီး အလုပ်သမားများ၏ ကိုယ်စား ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ရခြင်းကြောင့် အဖွဲ့အစည်းများ အချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် အလုပ်သမားများ အားလုံးက လေးစားအားထား ရသည့် စံနမူနာပြအဖြစ် ရပ်တည်ပြီး အလုပ်သမားများ၏အကျိုးကို ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ပြီး၊ ထို့အပြင် ILO ပြဌာန်းချက် တစ်ခုဖြစ်သော အငယ်ဆုံးအသက်ပြဌာန်းချက် အမှတ် ၁၃၈ နှင့်ပတ်သက်၍လည်း ယခုဆွေးနွေးပွဲ အတည်ပြုချက် ဖြင့် ILO အတည်ပြုချရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် အလုပ်ရှင်ကိုယ်စားလှယ်၊အလုပ်သမားကိုယ်စားလှယ်တို့က အသီးသီး နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှအလုပ်သမားရေးရာ   ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။